မိုးမိတ် – စက်တင်ဘာ(၁၉)

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၃) ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၇) ရက်နေ့ မနက်(၇) နာရီလောက်က မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာ မြောက်ဘက် ဟွေခမ်းတောင်ကြောမှာ SSPP/SSA နဲ့ စစ်ကောင်စီ ခမရ(၃၄၈)၊(၂၇၆) ပူးပေါင်း စစ်ကြောင်းရဲ့ အင်အား(၆၀) ဝန်းကျင်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာအုပ်စုအတွင်းကို ရောက်ရှိ လာပြီး SSPP/SSA အခြေချလှုပ်ရှားနေတဲ့ ဟွေခမ်းတောင်ကြောဘက်ကို ချီတက်လာချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၆) ရက်နေ့က မိုးမိတ်မြို့အတွင်းမှာ အခြေချလှုပ်ရှားနေတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ကို မြို့ထဲက ထွက်ပေးဖို့ ရပ်ကျေးအဖွဲ့တွေကတစ်ဆင့် အကြောင်းကြားပြီးနောက် စစ်ကောင်စီက ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

မိုးမိတ်မြို့နယ် မိုးဘံကျေးရွာနဲ့ ဝမ်အုံကျေးရွာကြားမှာ SSPP/SSA နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့ တဲ့ဇူလိုင်လ(၁) ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ်လထဲမှာ (၃) ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု တချို့ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ထိတွေ့တိုက်ပွဲတွေဆက်ပြီး မဖြစ်တော့ပေမယ့် စစ်ကောင်စီက အင်အား တိုးချဲ့တာတွေဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

မြေပြင်စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.