မော်လမြိုင် – စက်တင်ဘာ(၁၆)

စစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်နဲ့ တကွအဆိုပြုချက်အထောက်အထားတွေကို ငြင်း ဆန်ပြီးဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခွင့်ပြုဖို့ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေက ကုလသမဂ္ဂကိုအိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ (၇၇) ကြိမ်မြောက်အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား/သူများမဟာမိတ်တပ်ပေါင်းစု(MPPA) ကစက်တင်ဘာလ(၁၅) ရက်နေ့က တောင်းဆိုခဲ့တာပါ။

“ပြည်သူလူထုအားလုံးက ဆက်တိုက်တောင်းဆိုနေကြတာပါ။ မနေ့တနေ့ကမှဖြစ်တဲ့ ပန်းပင်နီး လမ်းအဖြစ်အပျက်ကလည်း အဲဒါပဲ။တရားဝင်ဆန္ဒထုတ်ဖော်ရင်းနဲ့ကို ရက်ရက်စက်စက်ဖြိုခွင့်ခံ ရတာလည်း ကမ္ဘာသိ မြန်မာသိပါပဲ။ အရင်နှစ်ကလို နှစ်ဘက်လုံးကို တက်ခွင့်မပေးတဲ့ အခြေ အနေမျိုးကလည်း နစ်နာပါတယ်။အကြမ်းဖက်စစ်တပ်နဲ့ ဒီမိုကရေစီအစိုးရ ဘယ်သူ့ကို ရွေးမလဲ ဆိုတာမျိုးတော့ရှိပါတယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လက်ရှိအချိန်ထိ ပြည်သူလူထုအပေါ်မှာ လက်နက်အားကိုးနဲ့ မညှာ မတာမီးရှို့ဖျက်ဆီးပြီး ရာဇဝတ်မှုတွေကျူးလွန်နေဖြစ်တဲ့အတွက် ရွေးချယ်စရာမရှိဘူးလို့ သူက ပြောပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ အိတ်ဖွင့်ပေးစားမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာ ကိုယ် စားလှယ်အဖြစ်ဆက်ထားရှိဖို့အပါအဝင် မြန်မာပြည်သူတွေကို စာနာသောအားဖြင့် စစ်ဘေး ဆိုင်ရာ အတိဒုက္ခရောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အကြောက်တရားသွင်းပြီး စစ်လေယာဉ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအပေါ်မှာလည်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ NO Fly Zone အဖြစ်တရားဝင်ကြေညာပေးဖို့လည်း ပါဝင်ပါတယ်။

စစ်ကောင်စီက လက်နက်အားကိုးနဲ့ အဓမ္မအာဏာလုယူပြီး စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေ သလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာလည်း အကြမ်းဖတ်သတ်ဖြတ်ဖျက်ဆီး ခံနေရတဲ့အတွက် စစ်ကောင်စီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ပြတ်သားစွာ သတ်မှတ်စေလိုတယ် လို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံသားတွေနဲ့ ပြည်တွင်း၊ပြည်ပအရပ်ဘက်အဖွဲ့အစည်း (၃၅၈) ဖွဲ့ တို့နဲ့အတူ ကုလသမ ဂ္ဂကျွမ်း ကျင်သူတွေနဲ့ ဖွဲ့စည်းထားတ့ SAC-M တို့ကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်ပြီး အသိအမှတ်ပြုပေးဖို့ တောင်းဆိုထားကြပါ တယ်။

သတင်း – သံလွင်တိုင်မ်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.