သံဖြူဇရပ်၊ စက်တင်ဘာ (၁၇)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ စစ်ကောင်စီ မြို့နယ်အားကစားနဲ့ကာယပညာဦးစီးဌာနပိုင် အားကစားကွင်းဘေးမှာ တည်ဆောက်ထားတဲ့ ဆိုင်ခန်းတွေအနေနဲ့ တစ်လအတွင်း ဖယ်ရှားပေးဖို့ ညွှန်ကြားလာတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ မြို့နယ်အားကစားနဲ့ကာယပညာဦးစီးဌာနကတော့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုကြောင့် အားကစားကွင်းဘေးက ဆိုင်ခန်းတွေကို ဖယ်ရှာပေးဖို့ ညွှန်ကြားတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ စာပေးပို့လာတာပါ။

အားကစားကွင်းပိုင် မြေပေါ်မှာ ငှားရမ်းတည်ဆောက်ထားတဲ့ ဆိုင်ခန်းတွေအနေနဲ့ အောက်တိုဘာ ၅ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားရှင်းလင်းပေးဖို့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ဆိုင်ခန်းပိုင်ရှင် တစ်ဦးကတော့ စစ်ကောင်စီဘက်က အကြောင်းကြားလာမှုအပေါ် အသနားခံစာတင်သွားဖို့ စီစဉ်ထားပြီး အခုလို အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ မဖြစ်မနေ ဖယ်ရှားပေးရမယ်ဆိုရင် အားလုံး ဒုက္ခရောက်သွားနိုင်တယ်လို့ ပြောပါတယ်။

သံဖြူဇရပ်မြို့ အားကစားကွင်းကို အမှီပြုပြီး ဆောက်လုပ်ထားတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်နဲ့ အလှကုန်ပစ္စည်းဆိုင်တွေ အပါအဝင် ဆိုင်ခန်းပေါင်း ၅၀ ထက်မနည်း ရှိနေတာ ဖြစ်ပါတယ်။

အခုလိုကာလမှာ ဆိုင်ခန်းတွေက မဖြစ်မနေ ဖယ်ရှားပေးရမယ်ဆိုပါက ဆိုင်ခန်းပိုင်ရှင်၊ ဌားရမ်းဈေးရောင်းချနေသူ အပါအဝင် အလုပ်သမားတွေ လူပေါင်း ရာချီအလုပ်လက်မဲ့တွေဖြစ်သွားပြီး မိသားစုစားဝတ်နေရေးအတွက် အခက်ခဲများစွာဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ဝဲကလိတပ်နယ်ဟာ ပြီးခဲ့တဲ့လပိုင်းတွေတုန်းက သံဖြူဇရပ်မြို့ စက်သစ်ရပ်ကွက်၊ ရတနာရွှေဖြူဂေါက်ကလပ် တလျှောက်ရှိ နေအိမ်တွေကိုလည်း ဖယ်ရှားပေးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံအဟောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.