ပုလော၊ စက်တင်ဘာ ၁၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးတယ်လို့ ပုလော PDF က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)၊ တိုက်ခိုက်ရေးတပ်ခွဲ(၁)တို့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သွားတိုက်တာလို့ ပုလော PDF နဲ့ တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ နှစ်နာရီနီပါး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။“တိုက်ပွဲက နှစ်ရက်ဖြစ်တာ၊ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက သွားပစ်တာ ပထမရက်မှာ ၂ နာရီလောက်ကြာတယ်၊ အဲဒါမကျေနပ်လို့ နောက်နေ့ မနက် ၁၁ နာရီလောက်ထပ်သွားပြီး ပစ်သေးတယ်။ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေ ပိုများတယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာလည်း ပုလောမြို့နယ် လက္ကူးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပုလောဒေသကာကွယ်ရေး မဟာမိတ်တပ်‌ပေါင်းစုအဖွဲ့က သွားရောက်ရှင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ပုလောမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက နေရာအများစုမှာ လုံခြုံရေးမြှင့်တင်ထားပြီး ကင်းပုန်းဝတ်တာတွေ လုပ်ဆောင်နေသလို လမ်းသွားလမ်းလာပြည်သူတွေကို ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ပေါင်း ၃၀၀ ကျော် ပေါ်ပေါက်လာခဲ့ပြီး၊ စစ်ကောင်စီကို တော်လှန်လျက်ရှိနေပါတယ်။ နိုင်ငံဒေသ တော်တော်များများမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲကြီးငယ် ဖြစ်ပွားလျက်ရှိနေတာပါ။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က သူ့လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အင်အားနည်းလာပြီး ကျည်ထွက်ပြီးရော ပစ်ခတ်နေကြတယ်လို့ ဇွန်လအတွင်း ပြုလုပ်တဲ့ လေးလပတ်အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

ဒါအပြင် သူ့တပ်ဖွဲ့ဝင်တွေဟာ “လုပ်ရဲကိုင်ရဲသည့် သတ္တိမရှိဘဲ ကြောက်ရွံ့နေကာ အမိန့်နာခံမှုမရှိ”ဘူးလို့လည်း အဲ့ဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.