ပင်လောင်း – စက်တင်ဘာ(၁၆)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အဖွဲ့ဝင်တွေနဲ့ ရွာသားတစ်ဦးကိုစစ်ကောင်စီလက် အောက်ခံ ပြည်သူ့စစ် PNO/PNA က ဥပဒေမဲ့ သတ်ဖြတ်လိုက်တာဟာ ရက်စက်ကြမ်းကြုတ် လွန်းပြီးလူမဆန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
ဒေသတွင်းမှာ ကာကွယ်ရေးအကြောင်းပြချက်နဲ့ ပအိုဝ်းအမျိုးသားအချင်းချင်းကြား ညှိနှိုင်းဖြေ ရှင်းမှုမရှိဘဲ ဥပဒေမဲ့ အကြမ်းဖက်သတ်ဖြတ်ခဲ့တာဟာ တိုင်းပြည်ရဲ့လက်ရှိတင်းမာနေတဲ့ အခြေ အနေကို ပိုမိုတင်းမာစေရုံသာမက အနာဂတ်အတွက်လည်း အလွန်အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ် တယ်လို့ ဆိုထားပါတယ်။
အတိတ်သမိုင်းမှာ ပြင်ပ ပယောဂတွေရဲ့ သွေးထိုးမှုနဲ့အတူ ပအိုဝ်းဖြူနဲ့ ပအိုဝ်းနီ ဆိုတဲ့ အုပ်စုကွဲ ပြီးအချင်းချင်း(၁၁) နှစ်ကြာတိုက်ခိုက်သတ်ဖြတ်သွေးချောင်းစီးခဲ့တဲ့ သမိုင်းဖြစ်ရပ်ဆိုးတပတ် ပြန်မလည်စေဖို့အတွက် သက်ဆိုင်ရာ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် ပြည်သူတစ် ရပ်လုံးက တားဆီးကြဖို့ တာဝန်ရှိတယ်လို့ PNFC ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီက ပြည်သူကို ရန်သူသတ်မှတ်ပြီး အကြမ်းဖက်သတ်ဖြတ်နှိပ်စက်နေချိန်မှာ သူတို့ရဲ့ လက်အောက်ခံပြည်သူ့စစ် PNO/PNA က စုံစမ်းစစ်ဆေးမှု၊ပွင့်လင်းမျှတတဲ့ တရားစီရင်မှုမရှိဘဲ ပအိုဝ်းအမျိုးသားအချင်းချင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါ တယ်။
ဒါကြောင့် အကြမ်းဖက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ အမိန့်ပေးစေခိုင်းသူ၊တာဝန်ယူဆောင်ရွက် ခဲ့သူတွေအပါအဝင် ပြစ်မှုကျူးလွန်ခဲ့သူတွေကို PNO/PNA အဖွဲ့တာဝန်ရှိသူတွေက အပြစ်ပေး ပြီး ပြည်သူလူထုကို ဝန်ချတောင်းပန်ဖို့လည်း PNFC က တောင်းဆိုထားပါတယ်။
သတ်ဖြတ်ခံခဲ့ရတဲ့ PNLO/PNLA တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးစေခိုင်းခဲ့တာ ရှိရင်လည်း သက်ဆိုင် ရာ PNLO/PNLA ခေါင်းဆောင်အဆင့်ဆင့်က တာဝန်ယူမှုတာဝန်ခံမှုရှိရှိနဲ့ ဆောင်ရွက်ဖို့လိုပြီး ဒီကိစ္စကို တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်အဝရှိတယ်ဆိုတာ ပြသဖို့ လိုတယ်လို့လည်း ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
တိုင်းပြည်အတွင်း တင်းမာမှုတွေ အမြင့်ဆုံးရောက်ရှိနေချိန်တိုင်းမှာ မတူညီတဲ့ တိုင်းရင်းသား လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား ပဋိပက္ခတွေဖန်တီးပြီး နိုင်ငံရေးထွက်ပေါက်ရှာဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ သွေးခွဲသပ်လျှိုမှုတွေကို သတိထားရမှာဖြစ်တယ်လို့ PNFC က သတိပေးထား ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဖြစ်အပျက်အမှန်ကို ပြည်သူတွေသိအောင် PNLO/PNLA က အမြန်ဆုံးဖော်ထုတ်အစီရင်ခံပေးဖို့၊ PNO/PNA က ပြစ်မှုကျူးလွန်တဲ့ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ဖို့ အပါအဝင် အချက်(၅)ချက် ကို ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်