စစ်တွေ – စက်တင်ဘာ(၁၇)

ရခိုင်ပြည်နယ်က မြို့နယ်(၆) မြို့နယ်မှာ ကုလသမဂ္ဂရုံးအပါအဝင် အရပ်ဘက်အဖွဲ့အစည်း (NGO/INGO) တွေရဲ့ ခရီးသွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်လိုက်တာကြောင့် စစ်ရှောင်တွေအတွက်အခြေခံစားနပ်ရိက္ခာတွေလိုအပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ(၁၅) ရက်နေ့ကစပြီး မောင်တော၊ဘူးသီတောင်၊ရေသ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံစတဲ့ မြို့နယ်တွေက အဖွဲ့အစည်းတွေကို ခရီးသွားလာခွင့်တင်မဟုတ် ဘဲ ဖွင့်လှစ်ထားတဲ့ ရုံးခန်းတွေကိုပါ ပိတ်ခိုင်းခဲ့တာဖြစ်ပြီး အဲ့ဒီမြို့နယ်တွေမှာ မွတ်ဆလင် ဒုက္ခ သည်တွေအများဆုံးနေထိုင်တဲ့နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

“မောင်တောမှာဆိုရင် မြောက်ပိုင်းရောတောင်ပိုင်းပါ သွားလာခွင့်ပိတ်လိုက်တာ။စစ်ရှောင်တွေက ထပ်တိုးလာတယ် မနေ့ကဆို အောင်မင်္ဂလာရွာကိုတပ်တွေက ဝင်လာတော့ရွာသားတွေက ညတွင်းချင်းပဲ ပြေးရတော့ ထပ်တိုးလာတာပေါ့။အဲဒီတော့ စားဖို့အတွက် လောလောဆယ် မြို့ပေါ်ရပ်ကွက်တွေက တစ်လှည့်ကျဆီ အလှည့်ခွဲထားတယ်။ထမင်းထုပ်တွေပေါ့” လို့ မောင်တောမြို့နယ်ပရဟိတအဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ဒေသကို မကြာခဏလူသားချင်းစာနာထောက်ထားမှုအကူ အညီပေးတဲ့အဖွဲ့တွေကို ကန့်သတ်ပိတ်ဆို့တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေကို တားမြစ်ကန့်သတ်မှုတွေလုပ်ဆောင်တာဟာ အချိန်ကြာလာတာ နဲ့အမျှစစ်ဘေးရှောင်တွေရဲ့ အခြေခံစားသောက်ကုန်နဲ့ ကျန်းမာရေးပြဿနာတွေအတွက် အခက် ကြုံလာနိုင်တယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“အရင်ကစစ်ဘေးရှောင်တွေကို NGOတွေက သွားတိုက်ဆေးကအစ အသုံးအဆောင်တွေ လာပေးတယ်။ကျန်းမာရေးကျတော့ MRCSလို အဖွဲ့အစည်း တွေလိုမျိုးပေါ့ ပြီးတော့မှ မောင်တောကရုဏာကွန်ရက် ဘူးသီးတောင်က WTAအဲ့လိုအဖွဲ့အစည်းတွေနဲ့ အလှည့်ကျ ကူညီပေးနေတယ်” လို့ မောင်တောမြို့ အခြေစိုက်စစ်ရှောင်အရေးကူညီနေသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိဒုက္ခသည်ငါးသိန်းနီးပါးအထိရှိနေတယ်လို့ သိရပါ တယ်။

အဲ့ဒီဒုက္ခသည်တွေဟာ NGO/INGO အဖွဲ့တွေရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ နဲ့ အသက်ရှင်ရပ်တည်ဖို့ လုပ်ဆောင်နေရတာဖြစ်ပြီး စစ်ကောင်စီရဲ့ ပိတ်ဆို့လိုက်မှုဟာ ပြည်သူ တွေကို သတ်ပစ်လိုက်တာဖြစ်တယ်လို့ ရခိုင်ဒေသခံတစ်ဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ်က အရပ်ဘက်အဖွဲ့အစည်းရုံးတွေကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မောင်တော ပဋိပက္ခမှာ တစ်ခါအပိတ်ခံထားရကာ အခုတကြိမ်ဟာ ဒုတိယအကြိမ်ပိတ်ပင် ခံရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီရုံးနဲ့ ပိတ်ပင်ဖို့ ညွှန်ကြားခံထားရတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ ပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်တွေမြို့ UN လက်အောက်ခံရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.