ကျိုက်ထို၊ စက်တင်ဘာ (၁၆)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါဒက်ကွင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီ သိမ်ဇရပ် ခမရ(၂၀၇) တပ်ရင်းကနေ ဝါဒက်ကွက် ကျေးရွာထဲကို လက်နက်ကြီး ၂ ချက် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဝါဒက်ကွင်းကျေးရွာ၊ မီးလောင်ကွက်သစ်(၈) လမ်းအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး တစ်ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။
လက်နက်ကျည်ထိမှန်ခဲ့တဲ့ အမျိုးသမီး ကို သိမ်ဇရပ်မြို့ဆေးရုံမှာ ပို့ဆောင်ကုသထားပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ မော်လမြိုင်ဆေးရုံသို့ ထပ်မံ လွှဲပြောင်းပေးလိုက်တယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး မကြာခဏဆိုသလို ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်နေတာပါ။
စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ကျိုက်ထိုမြို့နယ်ထဲက ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန် နိုင် သေးပါဘူး။
သတင်း-သံလွင်တိုင်းမ်