မိုးဗြဲ၊ စက်တင်ဘာ (၁၆)

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၄ သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ မနက် ၆ နာရီလောက်မှာ မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခမရ(၄၂၂) တပ်ရင်းက တိုက်ပွဲမရှိဘဲ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရှောင်တွေ နေထိုင်တဲ့ မိုးဗြဲမြို့ မွေတော်ဘုရားကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်နှစ်မ ၂ ဦး နဲ့ အသက် ၅၀ ကျော် အမျိုးသား ၂ ဦး စုစုပေါင်း ၄ သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူတွေကို ဆေးရုံသို့ ပို့ဆောင်ဖို့ စီစဉ်နေပမယ့် ကားမလုံလောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မိုးဗြဲမြို့ပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ပြီးနောက် စစ်မရှောင်နိုင်ဘဲ ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေဟာ မွေတော်ဘုရားကျောင်းအတွင်း တိမ်းရှောင်နေထိုင်ရာကနေ အခုလို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာပါ။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားလာနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ လုံခြုံတဲ့နေရာတွေကို ရှောင်ရှားပေးကြဖို့နဲ့ အထူးသတိထားသွားလာကြဖို့ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.