ပေါင်၊ စက်တင်ဘာ (၁၆)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် မြို့အနှံ့ လုံခြုံရေးတင်းကျပ်ထားသလို ဒေသခံပြည်သူတချို့ကိုလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင် နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် သုံးဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က စက်တင်ဘာ ၆ ရက်နေ့မှာ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပွဲချင်းသေဆုံးခဲ့သလို နှစ်ဦးကလည်း အပြင်းအထန်းဒဏ်ရာရရှိပြီးနောက် စစ်ကောင်စီက မြို့နယ်အတွင်း လုံခြုံရေးတင်းကျပ်ပြီး ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတာပါ။

အဲဒီပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ချက်ချင်းဆိုသလို အခင်းဖြစ်ပွားရာ လမ်းထိပ်အနီးရှိ နေအိမ်မှ အမျိုးသားတစ်ဦးကို အကြောင်းပြချက်မရှိ ဖမ်းဆီးခံသလို ရပ်ကွက်တချို့ရှိ နေအိမ်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ဖမ်းဆီးခံ ဒေသခံတွေနဲ့ ရင်းနှီးဖူးတဲ့ မိတ်ဆွေတွေရဲ့ နေအိမ်တွေမှာ ဝင်ရောက် ရှာဖွေ ဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၂ ရက် ညကလည်း ကျွဲခြံကျေးရွာက အသက် ၄၀ နှစ်အရွယ်ရှိတဲ့ ကိုစည်သူဆိုသူကို စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပေါင်မြို့နယ် ကုလားမတောင်တန်းပေါ်မှာလည်း အင်အား အများအပြား သုံးပြီး နေရာ ၁၀ ခုထက်မနည်းမှာ ကင်းပုန်းချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဝေးပြေးကားလမ်းမတွေက ရပ်ကွက်ကျေးရွာတွေရဲ့ လမ်းစုံလမ်းလေးခွနဲ့ လူစည်းကားတဲ့နေရာမှာ ပိတ်ဆို့ရှာဖွေတာနဲ့ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ ပေါင်မြို့ခံတွေက ဆိုကြပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.