ဝယ်လင်တန် – စက်တင်ဘာ(၁၆) 

နယူးဇီလန်နိုင်ငံက ပစ္စည်းသိုလှောင်ရုံတစ်ခုကနေ အလောင်းတွေပါတဲ့ ခရီးဆောင်အိတ်ကို ဝယ်မိခဲ့ရာကစပြီး ကလေးတွေရဲ့ မိခင် ဖြစ်သူလို့ ယူဆရတဲ့ အမျိုးသမီးကို လူသတ်မှုစွဲချက်နဲ့ တောင်ကိုရီးယားမှာ ဖမ်းမိခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာ ကြာသာပတေးနေ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့လဲ တောင်ကိုရီးယားအရာရှိက CNN ကို ပြောဆိုထားပြီး နယူးဇီလန်ရဲတပ်ဖွဲ့ကတော့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ဆီကနေ တရားခံလွှဲပြောင်းပေးဖို့ တောင်းဆို ထားပါတယ်။ 

ကလေးတွေရဲ့ မိခင်လို့ ယူဆရတဲ့ အမျိုးသမီးဟာ တောင်ကိုရီးယားကို ပြန်လာတာ ကြာပြီ ဖြစ်ကာ နှစ်ပေါင်းများစွာအတွင်း နိုင်ငံထဲကနေ ထွက်ခွာသွားတာမရှိခဲ့ဘူးလို့ တောင်ကိုရီးယား ရဲအရာရှိက အတည်ပြုထားပါတယ်။ 

“အချိန်တိုလေးအတွင်းမှာပဲ ကျွန်တော်တို့ရဲ့ (နယူးဇီလန်) ရဲအင်တာပိုလ်ဝန်ထမ်းတွေရဲ့ ညှိနှိုင်းမှုနဲ့အတူ ကိုရီးယား အာဏာပိုင်တွေရဲ့ အကူအညီနဲ့ နိုင်ငံရပ်ခြားရောက်နေတဲ့ တရားခံကို ဖမ်းဆီးနိုင်ခဲ့တာပါ” လို့  နယူးဇီလန်နိုင်ငံမှ စုံထောက်စစ်ဆေးရေးအရာရှိ က ပြောခဲ့ပါတယ်။ 

တရားခံလွှဲပြောင်းရေး လုပ်ငန်းစဉ် ပြီးဆုံးဖို့ စောင့်ဆိုင်းနေချိန်အတွင်း ကိုရီးယားနိုင်ငံမှာပဲ အဲဒီ အမျိုးသမီးကို  ထိန်းသိမ်းထားမှာ ဖြစ်တယ်လို့ သူကပြောပါသေးတယ်။ 

တရားခံလို့ ယူဆရတဲ့ အမျိုးသမီးဟာ တောင်ကိုရီးယားမှာ မွေးဖွားခဲ့ပြီး နယူးဇီလန် နိုင်ငံသား ဖြစ်ခွင့်ရရှိခဲ့တာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက အတည်ပြုပြောဆိုခဲ့ပါတယ်။ 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်တရားရုံးချုပ်ကတော့ သံသယတရားခံကို နှစ်လ အတွင်း နယူးဇီလန်သို့ လွှဲအပ်ဖို့ ဆုံးဖြတ်ထားတာပါ။ 

အော့ခ်လန် တောင်ပိုင်း ပစ္စည်သိုလှောင်ရုံတစ်ခုကနေ အွန်လိုင်းလေလံတင် ရောင်းချမှုတစ်ခု ပြုလုပ်ခဲ့ချိန်မှာ ခရီးဆောင် အိတ် တွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို မိသားစုတစ်စုက ဝယ်ယူမိခဲ့ပြီး ခရီးဆောင်အိတ်ထဲမှာ ကလေးငယ်အလောင်းတွေ ပါလာခဲ့တာဖြစ်ပါတယ်။

သေဆုံးနေတဲ့ ကလေးငယ်များဟာ အသက် ၅နှစ်နဲ့ ၁၀နှစ်ကြား ဖြစ်နိုင်ချေရှိပြီး သေဆုံးခဲ့တာ လေးနှစ်ခန့်ရှိပြီ လို့လည်း နယူး ဇီလန်ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.