ထားဝယ်၊ စက်တင်ဘာ (၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊မောင်မယ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရှာဖွေ စစ်ဆေးတာနဲ့ အရပ်သားတွေအပေါ် ရိုက်နက်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။

အဲလို ဝင်ရောက် စစ်ဆေးရေးမှာ စစ်ကောင်စီတပ်ဟာ တံခါးမဖွင့်ပေးတဲ့ နေအိမ်တွေက ပြည်သူတွေကို သေနတ်ဒင်နဲ့ ထုတာ၊ ရိုက်နက်နှိပ်စက်တာအပြင် သန်ခေါင်းစာရင်းယူကြည့်တာနဲ့ လက်ကိုင်ဖုန်းတွေကိုပါ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်စီးနင်း စစ်ဆေးခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့််နေရပြီး တချို့ဒေသခံတွေ တိမ်းရှောင်နေထိုင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ရှာဖွေ စစ်ဆေးပြီးနောက် နေ့လယ် ၁၂ နာရီလောက်မှာ ထားဝယ်မြို့ပေါ်ဘက်ကို ပြန်လည် ထွက်ခွာသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေ အဆိုအရ မောင်မယ်ရှောင်ကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ပစ်ခတ်ခံရတာတွေရှိနေတဲ့အတွက်ကြောင့် အခုလို ဝင်ရောက်စစ်ဆေးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

မောင်မယ်ရှောင်ကျေးရွာဟာ ထားဝယ်-ရန်ကုန်ကားလမ်းဘေး ထားဝယ်မြို့ကနေ ၇ မိုင်အကွာမှာရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ရှတဲ့ ကျေးရွာကြီးတစ်ရွာဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.