မော်လမြိုင်၊ စက်တင်ဘာလ (၁၆)

စစ်တပ် အာဏာသိမ်းမှုကြောင့် အပြီးပိုင် ဆုံးရှုံးသွားတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက် လူတိုင်းအားလုံး ပူးပေါင်းပါဝင်ပေးဖို့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနားမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် လူတိုင်းအားလုံးရဲ့ လွတ်လပ်စွာ ရှင်သန် နေထိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်စတဲ့ ဒီမိုကရေစီအခွင့်အရေးတွေ အပြီးပိုင် ဆုံးရှုံးလိုက်ရတာ ဖြစ်ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ ရှိလာခဲ့တာပါ။

အခုလို ဆုံးရှုံးသွားတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပြန်လည် ရရှိဖို့နဲ့ စစ်အာဏာရှင် စနစ် ကျဆုံးရေးအတွက် လူတိုင်းအားလုံး တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးဖို့ လိုအပ်သလို နည်းလမ်းမျိုးစုံသုံးပြီး ကြိုးပမ်းပေးကြဖို့ ဒီမိုကရေအရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက တောင်းဆိုလိုက်ပါတယ်။

“ဒီမိုကရေစီသည် တကယ့်ကို ကောင်မွန်တဲ့ နိုင်ငံရေး စနစ် တစ်ခု ဖြစ်တယ်၊ ဒီမိုကရေစီက ကျွန်မတို့ တစ်ဦးချင်စီရဲ့ အခွင့်အရေးတွေ အုပ်စုလိုက်ရဲ့ အခွင့်အရေးတွေ တိုင်းရင်းသား တွေရဲ့ အခွင့်အရေးတွေ ကျမတို့ နိုင်ငံသား တစ်ဦးချင်းစီရဲ့ အခွင့်အရေး ကျမတို့ရဲ့ နိုင်ငံရေး အခွင့်အရေး တွေကို အာမခံ ပေးတဲ့ စနစ် တစ်ခု ဖြစ်တယ်ပေါ့နော်၊ အဲ့ဒီတော့ ဒီဟာတွေက လူတိုင်းရဲ့ အခွင့်အရေးတွေ ဖြစ်တဲ့ အလျောက် လူတိုင်းကတော့ ဒီအခွင့်အရေးတွေ ရဖို့က လူတိုင်း လုပ်ဆောင်ဖို့ လိုပါတယ်ပေါ့၊ အခုဆိုလို ရှိရင် ဒီမိုကရေစီ ပြန်လည် ရရှိရေး အတွက်ပေါ့နော် အထူးသဖြင့် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ဆိုလို ရှိရင်လည်း လူထုကနေမှ နိုင်တဲ့ ဘက်ကနေ အာဏာရှင် တွန်းလှန်တဲ့ နေရာမှာဘဲ ဖြစ်ဖြစ်ပေါ့နော် တခြား ဒီမိုကရေစီ အရေး ပါဝင် လှုပ်ရှား နေတဲ့ သူတွေကို ပံ့ပိုးတာ နိုင်တဲ့ ဘက်ကနေမှ နည်းအမျိုးမျိုးနဲ့ ပါဝင် ကြိုပမ်းဖို့ လိုမယ်လို့ ကျမ မြင်ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးသတ်ဖြတ်တာ၊ ကြီးလေးတဲ့ ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်တာအပြင် ပြည်သူတွေကို အကြောက်တရားသွင်းပြီး အုပ်ချုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ သူတို့ကို ဝေဖန်တာ၊ ဒီမိုကရေစီအရေး ဆောင်ရွက်မှုတွေကို နည်းလမ်းမျိုးစုံပြီး ညှဉ်းပန်းနှိပ်စက်တာနဲ့ ပြည်သူတွေအပေါ် တင်းကြပ်တဲ့ စည်းကမ်းချက်တွေအပြင် မတရားတဲ့ ဥပေဒတွေနဲ့ အမိန့်ညွှန့်ကြားချက်တွေ ထုတ်ပြန်ပြီး ဖိနှိပ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီအခွင့်အရေးတွေ ပြန်လည် ရရှိရေးနဲ့ အာဏာသိမ်း စစ်အုပ်စု ပြုတ်ကျရေးအတွက် ကြိုးပမ်းနေသူတွေကို ပြည်သူတွေအနေနဲ့ ထောက်ပံ့ကူညီတာ၊ တက်နိုင်တဲ့ဘက်က တတက်တအား ပူးပေါင်းပါဝင်ပေးဖို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက မေတ္တာရပ်ခံလိုက်ပါတယ်။

“ပြည်သူလူထုတွေ အနေနဲ့ ဘာတွေ နစ်နာနေလည်း ဆိုတော့ စီးပွားရေး အဆင်မပြေ မှုတွေ ပေါ့နော်၊ စီးပွားရေး နစ်နာတယ် လူမှုရေး ကျန်းမာရေး အစပေါ့နော် အဖက်ဖက် ကနေ နစ်နာ နေကြတာပေါ့နော်၊ ကျန်းမာရေး ကိစ္စတွေ ဘာတွေက အစ လုံလောက်မှု မပေးနိုင်တာတွေ ဒီစီးပွားရေး ငွေကြေး ဖောင်းပွမှုတွေပေါ့နော် အဲ့တာတွေ နစ်နာနေတယ်၊ ဒီအာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပေါ့နော် (၈၀) ရာခိုင်နှုန်း မကပါဘူး၊ (၁၀၀) ရာခိုင်နှုန်း လောက်ကို ဆုံးရှုံး နေတာပေါ့နော်၊ ကျွန်တော်တို့ ကိုယ့်အခွင့်အရေး တွေလည်း ထုတ်ဖော်ခွင့် မရဘူးပေါ့နော်၊ ဘာဆို ဘာမှ လုပ်လို့ မရတော့ ရာခိုင်နှုန်းပြည့် ဆုံးရှုံး နေတယ်လို့ ပြောလို့ရတာပေါ့၊ ပြည်သူ တရပ်လုံး အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိဖို့ ဆိုရင် ပြည်သူ တစ်ရပ်လုံး အနေနဲ့ ကျရာ အခန်း ကဏ္ဍကနေ ပေါ့နော် အားလုံး ပူးပေါင်း ပါဝင် ပေးဖို့ရော မေတ္တာရပ်ခံ ပါတယ်၊ ဥပမာ ထောက်ပို့ ဆိုလည်း ထောက်ပို့ လုပ်ငန်းစဉ်ကနေ အိမ်မှာ နေတယ်ဆိုလည်း ကလစ်တဲ့ နေရာကနေ ပေါ့နော် ဒီတက်နိုင်သလောက်ပေါ့ ကိုလုပ်နိုင်တဲ့ အရာ မှန်သမျှကို တတက်တအား ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါမယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေ အနေနဲ့ အလုံးစုံ ပျက်သုဉ်း နေတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပြန်လည် ရရှိဖို့ အတွက် မတရားတဲ့ နည်းလမ်းနဲ့ နိုင်ငံတော် အာဏာကို ရယူထားတဲ့ စစ်အာဏာရှင် စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖို့ နည်းလမ်း ပေါင်းစုံနဲ့ လုပ်ဆောင်ကြဖို့ တိုက်တွန်းတာပါ။

ဒီနှစ်မှာ ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့မှာတော့ ဒီမိုကရေစီခိုင်မာဖို့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်စို့ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တာပါ။

နိုင်ငံတကာ ဒီမိုကရေစီနေ့ဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ လူသား ဂုဏ်သိက္ခာ စံတန်ဖိုးတွေ ပိုမို အားပေး မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်တွေနဲ့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့ကစပြီး ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၁၅၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.