ပင်လောင်း – စက်တင်ဘာ(၁၆)

အာဏာသိမ်းစစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်အဖွဲ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO/PNLA အဖွဲ့ဝင် (၅) ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ နှုတ်ဆိတ်နေတယ်လို့ PNLA တာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၄) ရက်နေ့က ပအိုဝ်းအမျိုးသားအာဇာနည်နေ့ဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင် ရဲဘော်(၇) ဦးဟာ နေရပ်ကို ပြန်သွားကြတာဖြစ်ပြီး အဲ့ဒီထဲက နှစ်ဦးကတော့ ဌာနချုပ်အစည်းအဝေး ကြောင့် အသတ်ခံရမယ့်ဘေးကလွတ်မြောက်ခဲ့တာပါ။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ဝင် ခွန်ထွန်းဦး၊ခွန်ရှိန်၊ခွန်သန်းဖေ၊ခွန်ကြယ်စင်နဲ့ ခွန်ရဲနောင် တို့ကို ရှမ်းပြည်နယ် ပင်လောင်းမြို့ ဝါးပြုံရွာမှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲကခွန်ထွန်းဦး ဟာ ဒုတပ်ဖွဲ့စုမှူးတာဝန်ရှိသူဖြစ်တယ်လို့သိရပါတယ်။

ဝါပြုံကျေးရွာမှာ ကျန်နေခဲ့တဲ့တပ်ဖွဲ့ဝင်တွေကို ပုဂ္ဂိုလ်ရေးအရ ပြဿနာမရှိဘဲ ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ထွန်းတင်က ဆိုပါတယ်။

“သူတို့အကြီးအကဲဘက်ကို ကျွန်တော်ဆက်သွယ်တဲ့အချိန်မှာ သူတို့လက်လွန်သွားပြီတဲ့ သူတို့ ကလေး တွေလက်လွန်သွားပြီတဲ့ ဒီလောက်ပဲပြောပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုစကားတော့ သူတို့ဘာတခုမှမ ပြောလာပါဘူး။ တိုက်ပွဲမှာ ရန်သူဖမ်းမိရင်တောင်မှ စစ်သုံ့ပန်အရ မသတ်ဖြတ် ဘူးပေါ့လေ ဒီလိုမျိုး တိုက်ပွဲဖြစ်တာလဲမဟုတ်ဘဲနဲ့ ရပ်ရွာထဲမှာဖမ်းပြီးတော့ ကိုယ့်လက်ထဲရောက် သတ်ဖြတ်တယ်ဆိုတာ စစ်ဥပဒေအရဖြစ်ဖြစ်ဘာဖြစ်ဖြစ်လုံးဝမလုပ်သင့်တဲ့ ကိစ္စတစ်ခုပေါ့နော် ဒီကိစ္စကို ကျွန်တော်တို့ အပြင်းအထန်ကန့်ကွက်ပါတယ်” လို့ ခွန်ထွန်းတင်က သံလွင်တိုင်းမ် ကိုပြော ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပအိုဝ်းဒေသတိုက်ပွဲတွေနဲ့ ရှမ်းကယားနယ်စပ်က တိုက်ပွဲတွေမှာ PNO/PNA အဖွဲ့ဟာ စစ်ကောင်စီဘက်က အားဖြည့်တိုက်ခိုက်ပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

စက်တင်ဘာလ(၁၂) ရက်နေ့က ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုနဲ့ စစ်ကောင်စီတို့ ရဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဦးစာကလေးဆိုတဲ့ ဒေသခံတစ်ဦး ကို PNO အဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကတော့ အကြောင်းရင်မရှိဖမ်းဆီးသတ်ဖြတ် ခဲ့တဲ့ အပေါ်ပြင်းထန်စွာ ရှုတ်ချခဲ့သလို ပြဿနာကို ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲ ဖြေရှင်းမယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.