မော်လမြိုင် ၊ စက်တင်ဘာ ၁၆

စစ်ကောင်စီပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အတုအယောင်သဘောသာဖြစ်ပြီး သူတို့ရဲ့ တရားဝင်မှု ရရှိဖို့နဲ့ နိုင်ငံရေးထွက်ပေါက်ရှာဖို့သာဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ထပ်မံမပြုလုပ်ဖို့ မွန်နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း (၁၀) ဖွဲ့က အိတ်ဖွင့်စာပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။

အိတ်ဖွင့်ပေးစာအရ အကြမ်းဖက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုတာကို မရရှိတဲ့အပြင် အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ ဖယ်ကျဉ်တာခံရတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို ချိုးဖောက်ပြီး အပြစ်မဲ့ပြည်သူတွေကို ကွပ်မျက်မှုတွေအပါအဝင်၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့အပြင် အာဆီယံသဘောတူညီချက်တွေဟာ လက်တွေ့ မြန်မာ့နိုင်ငံအရေးမှာ မျှော်လင့်သလို မဖြစ်နေတာကို မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း နိုင်ငံတဝန်းမှာ ပြည်သူ့ခုခံရေးတိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရပြီး စစ်ကောင်စီအနေနဲ့ မချေမှုန်းနိုင်တော့တဲ့အဆုံး နိုင်ငံတကာကို ငြိမ်းချမ်းနေသယောင်ပြဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လာခဲ့တာလို့ ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲတွေဟာ ဟန်ပြဆွေးနွေးပွဲတွေသာဖြစ်ပြီး အင်အားကောင်းလာတဲ့ ပြည်သူ့ခုခံတော်လှန်စစ် ဆင်နွှဲနေသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သွေးခွဲခြင်းသာ ဖြစ်တယ်လို့လည်း မွန်ပြည်သစ်ပါတီကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ကိုသာ အခြေခံတဲ့အတွက် တိုင်းရင်းသားတွေ အလိုရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမှု အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အထောက်အပံ့ပြုနိုင်မှာ မဟုတ်ဘဲ စစ်ကျွန်သံသရာကိုသာ သက်ဆိုးရှည်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ သူတို့ရဲ့ အာဏာတည်မြဲရေးကိုသာ ကြိုးပမ်းနေတဲ့အတွက် အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတာက ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းနေခြင်းသာ ဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ အနာဂတ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိတဲ့ မွန်ပြည်ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ကြောင်း မွန်နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း (၁၀) ဖွဲ့က ယုံကြည်ပါတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

တဖက်မှာလည်း ကချင်၊ချင်း၊ကရင်နီ၊ကရင်နဲ့ ရခိုင်တို့ဟာ အာဏာရှင်စနစ်ဟူသမျှ အဆုံးသတ်ရေး၊ စစ်အာဏာရှင်ပြုတ်ကျရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေး ရရှိဖို့တွက် အပြင်းအထန် တိုက်ပွဲဝင်နေချိန်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ ဘဝတူတိုင်းရင်းသားတွေနဲ့အတူလက်တွဲကာ တိုက်ပွဲဝင်ရမယ့် အချိန်အခါကောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီအနေနဲ့ တက်ရောက်ဖို့ အစီအစဉ် ရှိ၊ မရှိ ပါတီရဲ့ ပြောခွင့်ရသူကို သံလွင်တိုင်းမ်က ၃ ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.