ရန်ကုန် ၊ စက်တင်ဘာ ၁၆

စစ်တပ် အာဏာသိမ်းတဲ့ ၁၉ လတာကာလအတွင်း စားသောက်ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုကြောင့် စားဝတ်နေရေး ပိုမိုကျပ်တည်းလာသလို ချွေတာ စားသောက်နေရတဲ့အတွက် ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့ CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

CDM ဝန်ထမ်းတွေဟာ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ပုံမှန်လစာငွေ မရှိတာတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ ထမင်းနဲ့ဟင်းတွေကိုပင် ချက်မစားနိုင်တော့တဲ့ အခြေအနေတွေအထိ ရောက်ရှိလာကြတာပါ။

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ အခြေခံပညာ ကျောင်းဆရာမတစ်ဦးကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အရည်အသွေးညံ့တဲ့ အစားအသောက်တွေကို ရွေးချယ်ချက်ပြုတ် စားသောက်နေရတဲ့အတွက် ကျန်းမာရေးထိခိုက်တာတွေ ရှိလာတယ်လို့ ပြောပါတယ်။

“အရည်အသွေးတွေ ညံ့တဲ့ဟာတွေ စားရတယ်။နောက် ဟင်းဆိုလို့ရှိရင် ဟင်းဖြစ်ရုံပေါ့။ချဉ်ပေါင်ရွက်တောင်မှ အခုဆို တစ်စည်း ၂၀၀/၃၀၀ ဆိုလို့ရှိရင် ချဉ်ပေါင်ရွက် မဝယ်လိုက်ဘဲနဲ့ နှမ်းဖတ်ချဉ်က ၂၀၀ တန်နဲ့ စားလို့ရရင် နှမ်းဖတ်ချဉ် ဝယ်လိုက်ရတာမျိုး၊ အဲဒီလို ဆိုးဆိုးရွားရွားဆိုတော့ ကျန်းမာရေးကလည်း အာဟာရမဖြစ်တော့ ထိခိုက်တယ်။ကျန်းမာရေးကို ထိခိုက်လာရင်လည်း ဆေးရုံ၊ဆေးခန်းတွေ သွားဖို့က အဆင်မပြေနိုင်ဘူး။ကျန်းမာရေးအတွက် ဖဲ့သုံးရမယ့် ငွေကြေးစုဆောင်းထားတာ မရှိတဲ့အတွက်ကြောင့် အိမ်မှာပဲ အိမ်တွင်းဆေးမြီးတို ကုတာပေါ့။အဲဒါကြောင့် ကျန်းမာရေးခံစားရတာတွေ ရှိတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုအား လမ်းမပေါ်က သောင်းချီလူထုတွေဟာ နိုင်ငံ့ဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တာရား မလည်ပတ်စေနိုင်ဖို့ ‘ရုံးမတက်နဲ့ ရုန်းထွက်’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒတွေ ထုတ်ဖော်ခဲ့ကြတာပါ။

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ ဝန်ထမ်းအများစုဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာတာ အခုဆိုရင် တစ်နှစ်ခွဲကျော်ကာလအတွင်း ရောက်ရှိလာပြီး ဖြစ်ပါတယ်။

CDM ဝန်ထမ်းတွေဟာ အာဏာသိမ်းစစ်ကောင်စီက အလုပ်ကနေ ထုတ်ပယ်လိုက်တဲ့အတွက်ကြောင့် ရရာအလုပ်တွေ လုပ်ပြီး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန် ဖြေရှင်းနေတာပါ။

စိုက်ပျိုးရေးမှာ နေ့စားလုပ်နေရတဲ့ CDM ဝန်ထမ်းတစ်ဦးကလည်း ကုန်ဈေးနှုန်းမြင့်တက်ပေမယ့် လုပ်အားခ တက်မလာတဲ့အပြင် အလုပ်တွေလည်း ပုံမှန် မရှိတဲ့အတွက် ကြာရင် ငတ်ပြတ်ရမယ့် အခြေအနေတွေထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“အခုက ဈေးနှုန်းသာတက်နေတာ၊ နေ့စားလုပ်မယ်ဆိုရင်တောင်မှ (လုပ်အားခ) တက်ကိုမလာဘူး။ပြီးတော့ နေ့စားခေါ်တာလည်း မရှိဘူး၊ အခုချိန်ကလေ ဘယ်သူမဆို အကုန်လုံးက ခက်ခဲတယ်။ပြီးတော့ တနိုင်တပိုင်လုပ်ငန်းဆိုရင်လည်း စိုက်ပျိုးရေးမှာကျတော့ တစ်နွေလုံးကလည်း စစ်ဘေးရှောင်ထားတော့ သိပ်ပြီး‌တော့ အခင်းလုပ်တာက အလုပ်မဖြစ်ဘူး။ဒီကြားထဲမှာ‌တော့ ဝင်ငွေရမယ့် လုပ်ငန်းဆိုတာ ဘာတစ်ခုမှ မရှိဘူး။ဒီထက် တစ်စစ တက်လာတဲ့ ဈေးနှုန်းကိုပဲ ကြည့်ပြီး နောက်ပိုင်းဆိုရင် တော်တော်များများတော့ ငတ်ပြတ်နေတော့မှာပဲ”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီက CDM ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ခိုင်းတာ၊ အမျိုးမျိုး ခြိမ်းခြောက်တာ၊ ဖိနှိပ်တာ၊ မတရား ဖမ်းဆီးတာတွေ ရှိနေပြီး စိတ်မလုံခြုံမှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတာတွေလည်း ရှိနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနဲ့ ဝင်ငွေရရှိတိုးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီကတော့ CDM မှာ ပါဝင်ထားတဲ့ ဝန်ထမ်းတွေရဲ့ ဘဝနေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေတွေကို စစ်တမ်းကောက်ယူထားတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒါပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ လက်ရှိအချိန်ထိ CDM ဝန်ထမ်းတွေကို အပြည့်အဝ ထောက်ပံ့နိုင်တာ မရှိသေးပါဘူး။

နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းမှုကို လက်မခံတဲ့အတွက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ နိုင်ငံ့ဝန်ထမ်း သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပြီး အဲဒီထဲမှာ ပညာရေးဝန်ထမ်းတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံအဟောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.