မော်လမြိုင်၊ စက်တင်ဘာ (၁၅)

မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အရှုံးနဲ့ ဆက်လက် ရင်ဆိုင်နေရတာကြောင့် လုပ်ငန်းတွေ နလံပြန်ထူဖို့ မလွယ်ကူတော့တဲ့ အခြေအနေထိ ရောက်ရှိလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်မှုတွေနဲ့အတူ စစ်တပ် အာဏာသိမ်းပြီးနောက် လာရောက် တည်းခိုသူ မရှိသလောက် နည်းပါးလာတာ၊ စစ်ကောင်စီရဲ့ တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဧည့်သည်ဝင်ရောက်မှု နည်းပါးလာတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေရတာပါ။

လက်ရှိမှာတော့ ဟိုတယ်လုပ်ငန်းတွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ကြားကနေ လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ မနည်းကြိုးပမ်းနေရသလို တချို့လုပ်ငန်းတွေကတော့ ရပ်နားလာကြတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“အခု ပြည်တွင်းက ဧည့်သည်ကလည်း မဖြစ်မနေနဲ့ ကျွန်တော်တို့ မွန်ပြည်နယ် ဘက်ကို လာရမယ် ဆိုတာလောက်ပဲ ရှိတော့ ပါတယ်၊ ကျန်တာတွေ ကတော့ မရှိသလောက် ရှားသွားပါပြီး အဲ့လို ဖြစ်တာ၊ ကျွန်တော်တို့က အခု တချို့ ဟိုတယ်တွေကတော့ အရှုံးပေါ် နေတယ်လို့တော့ ပြောတယ်ပေါ့ဗျာ၊ နောက်တစ်ခုက ရတဲ့ အခါကျတော့ အရင်တော့ ရပါတယ်၊ အမြတ်မထွက် ပါဘူးဆိုတဲ့ ဟာလည်း ရှိတာပေါ့ဗျာ၊ ကျွန်တော်တို့ ဒီဟာတွေကို ကြိုးကြိုးစားစားနဲ့ တစိုက်မတ်မတ် မလုပ်လို့ ရှိရင်တော့ ဟိုတယ် လုပ်ငန်းတွေက အကုန်ရပ်သွားဖို့ အနေအထားမှာ ဖြစ်သွားမှာ ဖြစ်ပါတယ် သဘောက၊ ရာနှုန်းပြည့်တော့ ရတော့ မရနိုင်ဘူးပေါ့၊ သဘောကတော့ အကောင်းဆုံးတော့ ပြန်လည်ပြီးတော့မှ ကျွန်တော်တို့ ရှင်သန်ရပ်တည် နိုင်အောင်တော့ ကြိုးစား နေတာပေါ့ဗျာ၊ ကျွန်တော်တို့ လည်ပတ် နိုင်တာ ကတော့ (၅၅)လောက်ပဲ ရှိပါသေးတယ်”လို့ ဆိုပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တွေအဆိုအရ စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်း ၅၀ ရာခိုင်နှုန်း ထက်မနည်း ရပ်နားထားပြီး တချို့လုပ်ငန်းတွေကတော့ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ကြားကနေ ဆက်လက် ရပ်တည်ဖို့ မနည်းကြိုးပမ်းနေရတာပါ။

ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ပဧည့်သည်ဝင်ရောက်မှု မရှိတော့တဲ့အတွက် ပြည်တွင်း ခရီးသွားဧည့်သည်တွေကိုသာ အဓိက မှီခိုအားထားရတာပါ။

ဒါပေမယ့် ဟိုတယ်လုပ်ငန်းတွေဟာ လျှပ်စစ်မီး မမှန်တဲ့အတွက် စက်သုံးဆီကို အဓိက အသုံးပြုလည်ပတ်နေရတာ၊ အထွေထွေကုန်စရိတ် အဆမတန် မြင့်တက်လာတာကြောင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ ပိုမို အခက်ကြုံနေရတာပါ။

“ဟိုတယ် လုပ်ငန်းတွေရဲ့ အကြီးမားဆုံး ပြသနာက မီးမှန်မှန် မရတာပေါ့နော်၊ မီးမှန်မှန် မရတဲ့ အတွက်ကြောင့် စက်သုံးဆီတွေနဲ့ အချိန် တော်တော်များများကို လည်ပတ် ရတာပေါ့လေ၊ လည်ပတ်ရတဲ့ အခါကျတော့ အဲ့ဒီ စက်သုံးဆီ ဈေးနှုန်း မြင့်တဲ့ အတွက် ကိုယ့်ရတဲ့ ဝင်ငွေနဲ့ကို သိပ်မကိုက်ဘူးပေါ့လေ မကျန်ဘူးပေါ့ အဲ့လိုမျိုး ဖြစ်နေတယ်၊ ဒါပေမယ့် ခရီးသွား ဧည့်သည်တွေ ကျတော့ တကယ့် အလုပ်ရှိတဲ့ လူတွေလောက်ပဲ သွားလာ ကြတာကို အလုပ်အတွက် မဖြစ်မနေ သွားရမယ့် ခရီးတွေ ခရီးသည်တွေ လောက်ပဲ သွားကြတာလေ၊ မိသားစု အပန်ဖြေတာတို့ ဘာတို့ ကတော့ မရှိတော့ဘူးလေ၊ အရင်တုန်က လိုမျိုးတော့ ဘာဖြစ်လည်း ဆိုရင် လမ်းမှာ ကြန့်ကြာတာတို့ စစ်ဆေးတာတို့ နောက် ညပိုင်းဆိုလည်း လည်ဖို့ ထွက်ဖို့ ဘယ်သူမှ မလုံခြုံတဲ့ အခါကျတော့ မဖြစ်မနေ အလုပ်ကိစ္စ ရှိလို့သာ သွားနေကြတာ၊ ဧည့်သည်တွေကတော့ အရင်တုန်းကလို့ မရောက် သေးဘူးလေ”လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဟိုတယ်လုပ်ငန်းတွေ အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိတော့တဲ့အတွက် ကျွမ်းကျင် ဝန်ထမ်းတွေကို လျော့ချထားရသလို တချို့ဝန်ထမ်းတွေကိုတော့ လစာလျော့ချတာနဲ့ ထုတ်ပယ်တာတွေ လုပ်ဆောင်နေရတာပါ။

မွန်ပြည်နယ်မှာ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းပေါင်း ၇၀ ထက်မနည်း ရှိနေတာ ဖြစ်ပြီး ဟိုတယ်လုပ်ငန်းတွေ ရပ်နားလာမှုနဲ့အတူ တချို့ဟိုတယ်တွေက ဝန်ထမ်းလျော့ချထားတဲ့အတွက် အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ မိသားစု ထောင်နဲ့ချီပြီး အလုပ်လက်မဲ့ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.