မော်လမြိုင်၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်အတွင်းမှာ ကုန်လမ်းရေလမ်းအသုံးပြုနေတဲ့ ယာဉ်အားလုံးကို စစ်ရေး လိုအပ်ချက်အရ ရပ်တန့်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စက်တင်ဘာလ (၁၄) ရက်စွဲနဲ့ ရက္ခိုင့်တပ်တော် AA က အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား လက်ရှိစစ်ရေးတင်းမာနေမှုအပေါ် အခြေခံပြီး အခုလိုအရေးပေါ်ကြေညာချက်ကို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက ရက္ခိုင်ပြည်အနှံ့ သူတို့ရဲ့ တပ်စခန်းတွေကို စစ်အင်အား၊ လက်နက်ခဲယမ်း၊ စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ် အပါအဝင် အရပ်ဖက်သုံး ခရီးသည်တင်လေယာဉ်၊ ကား၊ မော်တော်ဘုတ်၊ အမြန်ရေယာဉ်‌တွေအား ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း‌တွေကို အသုံးပြုပြီး အင်အားဖြည့်တင်းနေတာဟာ အခုရက်သတ္တပတ်အတွင်း ဆက်တိုက်ပြုလုပ်နေတာကို တွေ့ရှိရတယ်လို့ AA က ဆိုထားပါတယ်။

ဒါကြောင့် မိမိတို့ ရက္ခိုင့်တပ်တော်အနေနဲ့ သူတို့သွားလာနေကြတဲ့ လမ်းကြောင်းတွေမှာ ပြေးဆွဲနေကြတဲ့ ကုန်းလမ်း၊ ရေလမ်းယာဉ် အားလုံးကို စစ်ရေးအခြေအနေ လိုအပ်ချက်အရ ရပ်တန့်ခိုင်းပြီး စစ်ဆေးမှု‌ တွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ သူတို့ဆုံးရှုံးခဲ့ရပြီး မိမိတို့တပ်စွဲစခန်းချထားတဲ့ နေရာ တွေဖြစ်တဲ့ ရက္ခိုင်-ဘင်္ဂလား နယ်စပ်အနီး မိုင်တိုင်အမှတ် (၄၀) စခန်း နဲ့ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်း‌ တွေအပြင် ပလက်ဝဒေသအပါအဝင် အခြားသောနေရာအချို့ကိုလည်း ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကာလလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ရက္ခိုင်နဲ့ ပလက်ဝဒေသ အတွင်း စစ်ရေးတင်းမာမှု၊ တိုက်ပွဲဖြစ်ပွားမှုတွေ ပြင်းထန်လာတာနဲ့အတူ နောက်ထပ် တိုက်ပွဲတွေနေရာအနှံ့ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်သောကြောင့် မိမိတို့အနေနဲ့ ယခုကဲ့သို့ ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာမှု‌ တွေကို ကန့်သတ်စစ်ဆေးရတာလို့ AA က ပြောပါတယ်။

တစ်ဖက်မှာလည်း ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးကိုပြုလုပ်နေကြတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ရက္ခိုင်ပြည်သူ့အစိုးရရဲ့ ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးတွေမှာ သတင်းပို့ပြီး သွားလာကြဖို့နဲ့ စစ်ဆေးမှုတွေကို ကြည်ဖြူစွာခံယူကြဖို့ကိုလည်း AA က တောင်းဆိုထားပါတယ်။

ဒါမှမဟုတ် ရက္ခိုင့်တပ်တော် AA ထံ သတင်းမပို့ဘဲသွားလာတဲ့သူတွေ ပြဿနာ တစုံတရာ ဖြစ်ပေါ်ပါက သွားလာကြသူတွေရဲ့ တာဝန်သာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.