မော်လမြိုင်၊ စက်တင်ဘာ (၁၅)

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) မှာ လီဗာပူးလ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ပြိုင်ဘက်အသင်းတွေကို အနိုင်ယူနိုင်ခဲ့ပြီး စပါအသင်းကတော့ အဝေးကွင်းမှာ ရှုံးပွဲကြုံခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြိုင်ဘက်က နယ်သာလန်ကလပ်အသင်း အေဂျက်စ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၁၇ မိနစ်မှာ ဆာလာ၊ ပွဲချိန် ၈၉ မိနစ်မှာ မာတစ်တို့က သွင်းယူပေးခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းကတော့ နာမည်ကြီး ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ အနိုင်ယူခဲ့တာပါ။

ပြိုင်ပွဲစခင် စကားစစ်ထိုးပွဲမှာတော့ ဘာစီလိုနာအသင်းက ဘိုင်ယန်အသင်းကို အခု တစ်ကြိမ်မှာ အနိုင်ယူပြီး သမိုင်းဆိုးကို ဖျောက်ဖျက်ပစ်မယ်လို့ ပြောဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ ဘိုင်ယန်အသင်းကို ထပ်မံ အရှုံးပေးခဲ့ရတာပါ။

ဘိုင်ယန်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၅၀ မိနစ်မှာ ဟာနန်ဒက်ဇ်၊ ပွဲချိန် ၅၄ မိနစ်မှာ ဆာနေးတို့က သွင်းယူပေးခဲ့တာပါ။

စပါးအသင်းကတော့ အဝေးကွင်းမှာ စပို့တင်းလစ္စဘွန်းအသင်းကို ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

တခြားပွဲစဉ်တွေမှာတော့ ဖရန့်ဖတ်အသင်းက မာဆေးလ်အသင်းကို ၁ ဂိုး ဂိုး မရှိ၊ ကလပ်ဘရုဂေးအသင်းက ပေါ်တိုအသင်းကို ၄ ဂိုး ဂိုး မရှိ၊ လေဗာကူဆင်က အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂ ဂိုး ဂိုးမရှိ၊ အင်တာမီလန်အသင်းက ပယ်လ်ဇန်အသင်းကို ၂ ဂိုး ဂိုး မရှိ ရလဒ်တွေနဲ့ အသီးသီး အနိုင်ရခဲ့တာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.