ရေး၊ စက်တင်ဘာ (၁၃)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအနီး ရေးလေယာဉ်ကွင်အနီးမှာ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၃ နာရီလောက်က အမျိုးသား တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးလေယာဉ်ကွင်းအနီး မင်္ဂလာအကြို ဓါတ်ပုံရိုက်နေတဲ့ အသက် ၂၈ နှစ်အရွယ် ကိုဖိုးစီကို ရေးဘီးလူအဖွဲ့က စစ်တပ် သတင်းပေးအဖြစ် ဆောင်ရွက်နေတယ်ဆိုပြီး ပစ်ခတ် ရှင်းလင်းလိုက်တာပါ။

ကိုဖိုးစီဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ သေနတ်ဒဏ်ရာတွေ ရရှိပြီး ရေးမြို့နယ်ပြည်သူ့ဆေး ရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားတာ ဖြစ်ပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူ ကိုဖိုးစီရဲ့ ဖခင်ဖြစ်သူ အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဟာလည်း ပြီးခဲ့တဲ့နှစ်တုန်းက ရေး-အစင်သွားလမ်းပေါ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတာပါ။

သေဆုံးသူမှာ သတင်းပေးတစ်ဦးဖြစ်ပြီး အစ်ကိုဖြစ်သူကလည်း စစ်တပ်ကပဲဖြစ်ကြောင်း၊ ဖခင်ဖြစ်သူမှာလည်း ဒလန်ဖြစ်တာကြောင့် ရှင်းလင်းခံခဲ့ရပြီးဖြစ်ကာ ယနေ့ဓာတ်ပုံရိုက်နေစဥ် သေနတ်နဲ့ဆယ်ချက်ခန့် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရေးဘီးလူးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒေသခံတွေအဆိုအရ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ကိုဖိုးစီဟာ ကျေးရွာအတွင်း အနေအေးသူ ဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေတုန်းကမှ ရေးမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်နေတာ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ထံ သတင်းပေး ဆောင်ရွက်တာ ရှိ မရှိကိုတော့ မသိ ရဘူးလို့ ဆိုကြပါတယ်။

ရေးဘီးလူးအဖွဲ့ဟာ ရေးမြို့နယ်ထဲက စစ်ကောင်စီ ရဲစခန်း၊ တရားရုံး၊ လဝကရုံးအပါအဝင် လက်အောက်ခံရုံးတွေနဲ့စစ် ကောင်စီတပ်ဖွဲ့တွေ၊ သတင်းပေးဒလန်တွေကို မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.