ညောင်လေးပင်၊ စက်တင်ဘာ (၁၄)
ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာက ဒေသခံရွာသားတွေကို စစ်ကောင်စီတပ်က မောင်းထုတ်နေပြီး မထွက်ခွာပါက နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။
KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ တမာခေါနဲ့ တောင်စုကျေးရွာက ရပ်မိရပ်ဖတွေကို စစ်ကောင်စီတပ်က စက်တင်ဘာ(၁၁)ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ကျေးရွာပြည်သူတွေအနေနဲ့ ရွာကနေထွက်ခွာဖို့ မထွက်ခွာခဲ့ပါက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်လာခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကြောင့် စက်တင်ဘာ(၁၂)ရက်နေ့ကစပြီး လူဦးရေ(၃၃၄)ဦးရှိတဲ့ တမာခေါကျေးရွာက ဒေသခံပြည်သူလူထုတွေဟာ ထိတ်လန့်ကြောက်ရွံ့တာကြောင့် ရွာလုံးကျွတ်ထွက်ခွာပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘီးခီးကျေးရွာနဲ့ အနီးအနာက ကျေးရွာတွေကို ရွှေ့ပြောင်းနေထိုင်လာရပါတယ်။
တောင်စုကျေးရွာကတော့ ကေအဲန်ယူ-မုန်းမြို့နယ်တာဝန်ရှိခေါင်းဆောင်တွေက စီမံထိန်းသိမ်းဆောင်ရွက်ထားပြီး ရွာသားတွေအနေနဲ့ ကျေးရွာအတွင်းမှာသာ နေထိုင်စေခဲ့တယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။
စစ်ကောင်စီရဲ့ အခုလို ပြည်သူလူထုအပေါ် မတရားဖိနှိပ်နေတဲ့အပေါ် စိတ်မကောင်း ဖြစ်ရပြီး ပြည်သူတွေအနေနဲ့ စိတ်ဓာတ်မကျဘဲ ဆက်လက် တောင့်ခံပေးဖို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက တိုက်တွန်းတာပါ။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တွေအကြား နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့တဲ့ဩဂုတ်လတစ်လအတွင်းမှာပင် စစ်ဘေးရှောင်ဦးရေ ၂၀၀၀၀ ကျော်ထိ တိုးလာခဲ့တာပါ။
လက်ရှိမှာတော့ ညောင်လေးပင်ခရိုင်အတွင်း စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်ပြည်သူဦးရေ ၈၀၀၀၀ ကျော်အထိရှိလာနေပြီး လူသားချင်းစာနမှု အကူအညီတွေ အများအပြားလိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။
သတင်း-သံလွင်တိုင်းမ်