ရန်ကုန်၊ စက်တင်ဘာ ၁၄
ရန်ကုန်မြို့အတွင်းမှာပြုလုပ်ခဲ့တဲ့ သံအမတ် ဦးကျော်မိုးထွန်းအား ပြည်သူ့သံအမတ်အဖြစ် ကုလသမဂ္ဂ(UN)မှာ ဆက်လက်ထားရှိဖို့ တောင်းဆိုမှုပြုလုပ်တဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ CUTM အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၅ဦးပါဝင်ခဲ့တယ်လို့ CTUM Myanmar ကသတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ (၁၃) ရက်နေ့ ညနေ (၄)နာရီက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်နီလမ်း (ယခင်ပန်းပင်ကြီးလမ်း)မှာ လူထုတေးသံသီချင်းသံပြိုင်သီဆိုကာ “UN Prove Your Existence For Justice”စာသားကိုကိုင်စွဲကာ ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းသည် ပြည်သူ့အသံ၊ ပြည်သူ့အစိုးရကိုယ်စားပြုဖြစ်ကြောင်းနဲ့ ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အား ပေးရပ်တည်ရန် UN ကိုတောင်းဆိုသည့်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြတာပါ။
ဒီလို အကြမ်းမဖက်လှုပ်ရှားမှုပြုလုပ်နေစဥ်မှာပဲ အကြမ်းဖက်စစ်အုပ်စုမှ အိမ်စီးကား များကိုအသုံးပြုပြီး အရပ်ဝတ်တွေနဲ့ ရောက်လာကာသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သပိတ်အဖွဲ့က လူပေါင်း၁၅ဦးကျော်ကို ဖမ်းဆီးသွားခဲ့တယ်လို့ CTUM Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။”ဒီဇင်ဘာ ၅ရက်တုန်းက ကလေးတွေကို ကားနဲ့တိုက်ဖမ်းတဲ့ ပန်းပင်ကြီးလမ်းပေါ့၊ အခုတော့ ပန်းပင်နီလမ်းဆိုပြီးခေါ်နေကြတာ။ မနေ့က အဖွဲ့တော်တော်များများကသူတွေ သပိတ်ထွက် ကြတာ။ စစ်အုပ်စုက အိမ်စီးကားတွေနဲ့ တရကြမ်းဝင်တိုက်ပြီး ဖမ်းဆီးသွားတယ်။ ၂၀ ဝန်းကျင်လောက်ပါသွားတယ်လို့ ပြောနေကြတယ်”လို့ အဲ့ဒီဖြစ်စဥ်ကို မျက်မြင်တွေ့ရှိခဲ့ သူတစ်ဦးက ပြောပါတယ်။
ဒီလို သေနတ်နဲ့ ပစ်ခတ်ပြီး ရိုက်နှက်ဖမ်းဆီးတာတွေကိုCTUM အနေနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ပြောဆိုထားပါတယ်။ဖမ်းဆီးခံရတဲ့သူတွေထဲမှာ CTUM ရဲ့ အဖွဲ့ဝင် ၅ဦး ပါဝင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ၂ဦး၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ၃ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေ ခံရမှာကို သိရှိနေတဲ့ကြားမှပင် မိမိတို့ရဲ့ အသက်၊ ဘဝများကို ပဓါနမထားဘဲ ယခုကဲ့သို့ အကြမ်းမဖက်သောနည်းလမ်းဖြင့် ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်အပေါင်းကို လေးစားဂုဏ်ယူပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားသဖြင့် အာဏာရယူမှုကို လက်မခံဘဲ ဆန့်ကျင်တိုက်ပွဲဝင်တဲ့ အဖွဲ့ဝင်များကို အခုလိုသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးနှိပ်စက်ခြင်းအတွက် အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်အရေးယူနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CTUM က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့ကလည်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ လူငယ်အချို့က စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကြောင်း သပိတ်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့စဉ်မှာ အကြမ်းဖက်စစ်အုပ်စုက ကားဖြင့်တိုက်ကာ ဖမ်းဆီးမှုပြုလုပ်ခဲ့ဖူးပါတယ်။
သတင်း – သံလွင်တိုင်းမ်