ရန်ကုန် – စက်တင်ဘာ(၁၃)

ရန်ကုန်မြို့ ကြည့်မြင်တိုင် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း) မှာ လူထုတေးသံသီချင်း သံပြိုင်သီဆိုပြီး ပြည်သူ့သံအမတ်ဦးကျော်မိုးထွန်းကို အားပေးရပ်တည်ဖို့ ဆန္ဒထုတ်ဖော် နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက်ဖမ်းဆီးခဲ့လို့ လူငယ်(၁၅) ဦးအဆက်အသွယ် ပြတ်နေတယ်လို့ ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာလ(၁၃) ရက်နေ့မှာ ဆန္ဒထုတ်ဖော်နေချိန်စစ်ကောင်စီတပ်တွေဟာ အိမ်စီး ကားတွေ၊အရပ်ဝတ်တွေနဲ့ သေနတ်ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ အတွက် လူငယ်တွေအဆက်အသွယ် ပြတ်တောက်နေတာလို့ ဆိုထားပါတယ်။

အဆက်အသွယ်ပြတ်တောက်နေတဲ့ သူတွေထဲမှာ သတင်းထောက်တွေ၊အမျိုးသမီး၊ အမျိုးသား၊ LGBTQ နဲ့ အသက်မပြည့်သေးတဲ့ လူငယ်တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊အခြေခံပညာကျောင်းသားလူငယ်များ အစည်း အရုံး(အကလ-ဗဟို)၊Myanmar Labour Alliance၊ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်း​တော် ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ နဲ့ Owl Community တို့ ဆန္ဒထုတ်ဖော်နေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အဆက်အသွယ်ပြတ်တောက်နေတဲ့ သပိတ်ရဲဘော်တွေအတွက် မိသားစုဝင် တွေနဲ့ အဖွဲ့အစည်းအသီးသီးက စစ်ကောင်စီရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ်ဆက်မှုတွေနဲ့ အသက်အန္တရာယ်ထိခိုက်မှုရှိမှာကို အထူးစိုးရိမ်နေတယ်လို့ ဆိုထားပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို ဆက်သွယ်မေး မြန်းဖို့ကြိုးစားနေပေမယ့်အဆက်အသွယ်မရရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.