မော်လမြိုင်၊ စက်တင်ဘာ (၁၃)

စစ်တပ်အာဏာသိမ်းပြီးနောက် အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် စီးပွားရေးလုပ်ငန်းအများစု ရပ်နားလာတာ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ထွက်ခွာနေပေမယ့် မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တွေ ထပ်မံဝင်ရောက်တယ်လို့ ပြည်နယ် စစ်ကောင်စီက ပြောပါတယ်။

အာဏာသိမ်း တစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်း နိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေး စတဲ့ ကဏ္ဍတွေ ပျက်စီးယိုးယွင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန် မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခု ကို ခွင့်ပြုပေးနိုင်ခဲ့တယ်လို့ ပြည်နယ်ကောင်စီက ပြောဆိုလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ ပြုလုပ်တဲ့ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုကနေ ကျပ်သန်း ၆၅၀၀၀ ကျော်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုကနေ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၉ သန်း ဝင်ရောက်လာတယ်လို့မွန်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ပြောဆိုလာတာပါ။

ဒါပေမယ့် ဘယ်လိုလုပ်ငန်းကဏ္ဍတွေကို ဘယ်အချိန်တွေမှာ ဘယ်လိုပုံစံနဲ့ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုပေးခဲ့လဲဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ လက်ရှိအခြေအနေမှာ လုပ်ငန်းအသစ်စဖို့ အင်မတန်အခက်အခဲများပြီး ရှိပြီးသားလုပ်ငန်းတွေတောင် အလုပ်မဖြစ်ကြတော့ဘူးလို့ ပြောပါတယ်။

“အခုလက်ရှိအနေအထားက မွန်ပြည်နယ်ပဲဖြစ်ဖြစ် ဒီနိုင်ငံမှာပဲဖြစ်ဖြစ် လုပ်ငန်းအသစ်တွေ စလုပ်ဖို့တော့ အင်မတန်အခက်အခဲများတယ်။ငွေကြေးဖောင်းပွမှုကြောင့် ငွေကြေးမတည်ငြိမ်မှုကြောင့် လုပ်တဲ့လုပ်ငန်းတော်တော်များများက ရှုံးတာတော့ များတယ်။အရှုံးပေါ်တဲ့အတွက် လုပ်ငန်းအသစ်တွေ စပြီး လုပ်နိုင်ဖို့က အင်မတန် စိန်ခေါ်မှုများတာပေါ့။ရှိပြီးသား လုပ်ငန်းတွေတောင်မှ ရပ်တည်နိုင်ဖို့ကတော့ တော်တော်လေး ရုန်းကန်နေရတဲ့ အနေအထားတွေ ရှိတာပေါ့”လို့ သူက ထောက်ပြပါတယ်။

မွန်ပြည်နယ်စစ်ကောင်စီကတော့ သူတို့ခွင့်ပြုပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ၂၇ ခုအတွက် ပြည်တွင်းအလုပ်သမား ၃၂၀၀ ကျော်နဲ့ ပြည်ပအလုပ်သမား ၁၆၀ ဦး၊ စုစုပေါင်း ဝန်ထမ်း ၃၅၀၀ နီးပါးကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့တယ်လို့ စက်တင်ဘာ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာပါ။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း အခုလို ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုပေးခဲ့ပေမယ့် တကယ်တမ်း လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်တဲ့အခါကျမှသာ အလုပ်အကိုင်တွေ ရလာကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ခွင့်ပြုချက်အတိုင်းအတာနဲ့ ခွင့်ပြုတဲ့ တင်ပြချက်တွေကို စုစည်းပြီးတော့ သူ့အနေနဲ့(ပြည်နယ်ကောင်စီ) ပြောလို့ရတယ်။တကယ့် မြေပြင်မှာကျ‌တော့ တစ်ချို့ လုပ်ငန်းတွေကလည်း ခဏလေးလုပ်လို့ရတာ မဟုတ်ဘူး၊ အချိန်ယူပြီး နှစ်နဲ့ချီ အကောင်အထည်ဖော်ရတာ ရှိတယ်။အဲဒါကြောင့် ဖြစ်မယ်ဆိုရင်လည်း အချိန်အတိုင်းအတာ တစ်ခုထိ ဖြည်းဖြည်းချင်းမှ ဖြစ်လာမှာပေါ့”လို့ သူက သုံးသပ်ပါတယ်။

စစ်ကောင်စီက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်နေတယ်လို့ ပြောဆိုပေမယ့် မွန်ပြည်နယ်ရဲ့ လက်ရှိအခြေအနေဟာ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ စားသောက်ဆိုင်တွေ၊ သယ်ယူပို့ဆောင်ရေးတွေ၊ ဟိုတယ်နဲ့တည်းခိုခန်း လုပ်ငန်းကဏ္ဍတွေမှာ နာလန်မထူနိုင်တော့ဘူး စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က နိုင်ငံခြား‌ငွေတွေကို ကန့်သတ်ထိန်းချုပ်တာတွေ ဆက်တိုက်လုပ်ဆောင်လာတာကြောင့် သွင်းကုန်ကဏ္ဍအပေါ် အကျပ်ရိုက်စေသလို မြန်မာ့ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်နေတာလို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်တာပါ။

ဒါ့အပြင် လျှပ်စစ်မီး မလုံလောက်မှုတွေကြောင့် လုပ်ငန်းအများစုဟာ စက်သုံးဆီနဲ့ လည်ပတ်ရတဲ့အတွက် အသုံးစရိတ်မကာမိဘဲ လုပ်ငန်းရပ်နားတာတွေနဲ့ ဝန်ထမ်းလျှော့ချရတဲ့ အနေအထားတွေ ဖြစ်နေတာပါ။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ အဆိုအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ၂၀၂၁ ခုနှစ် ပထမခုနှစ်လမှာ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျော် ဝင်ရောက်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ပထမခုနှစ်လမှာတော့ ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်သာ ဝင်ရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီ နှစ်နှစ်တာကို နှိုင်းယှဉ်ကြည့်ရင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် လျော့နည်းသွားခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေကို ကိုးကားပြီး ISP-Myanmar က ထုတ်ပြန်ထားတာပါ။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.