မော်လမြိုင်၊ စက်တင်ဘာ (၁၃)
မွန်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းတချို့မှာ စက်တင်ဘာလအတွင်း ကိုဗစ်ကပ်ရာဂါပိုး ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိလာတယ်လို့ ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်ငံတဝန်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က မွန်ပြည်နယ်၊ပေါင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ ကိုဗစ်ရောဂါပိုး တကျော့ပြန် တွေ့ရှိခဲ့တာပါ။
စာသင်ကျောင်းထဲမှာ နေထိုင်မကောင်းဖြစ်နေတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးကြည့်ရာမှာတော့ ကျောင်းသား ၃ ဦးနဲ့ ကျောင်းသူ ၂ ဦး၊ စုစုပေါင်း ၅ ဦးဟာ ရောဂါပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။
စာသင်ကျောင်းထဲ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပေမယ့် ကျောင်းမပိတ် ဆက်လက် ဖွင့်လှစ်ထားတဲ့အတွက် ကျောင်းသားမိဘတွေက ကိုဗစ်ရောဂါပိုး ကူးစက်မှု ပြန့်နှံ့လာမှာကို စိုးရိမ်နေကြတာပါ။
လက်ရှိမှာတော့ ရောဂါပိုး တွေ့ရှိခဲ့တဲ့ ကျောင်းသူ၊ကျောင်းသား ၅ ဦးကို ပေါင်မြို့နယ်ရှိ ကွာရန်းတင် စင်တာမှာ စောင့်ကြည့်ကုသပေးနေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ စစ်ကောင်စီက အတင်းအကြပ် ဖွင့်လှစ်ခဲ့တဲ့ စာသင်ကျောင်းတွေမှာ ပြီးခဲ့တဲ့နှစ်ကလည်း ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့က စာသင်ကျောင်းတွေမှာ ကိုဗစ်ပိးရောဂါ အစုလိုက် အပြုံလိုက် တွေ့ရှိထားတာပါ။
နိုင်ငံတဝန်းမှာ စက်တင်ဘာလကစပြီး ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာတာ ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်ရောဂါပိုး ကူးစက်သူ ၁၈၉ ဦးထိ ရှိလာတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်မှာတော့ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာ ၁၂ ရက်နေ့ထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၄၀၀၀ ကျော်ထိ ရှိလာပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၂၀ ဦး သေဆုံးထားတယ်လို့ ဆိုထားပါတယ်။
သတင်း-သံလွင်တိုင်းမ်
ဓာတ်ပုံ- အောင်မင်းနိုင်