မော်လမြိုင်၊ စက်တင်ဘာ (၁၃)
မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်အသီးသီးက ဝန်ထမ်းတွေပါဝင်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ပေးမယ့် စစ်ကြောင်းကြီး (၅)ကြောင်းလို့ အမည်ပေးထားတဲ့ အဖွဲ့ဟာ စစ်တပ်နဲ့ ပူးပေါင်းဖို အပါအဝင် နယ်မြေသတင်းတွေ ပေးဖို့ လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာ (၂၁)ဌာနက ဝန်ထမ်းအကြီးအကဲတွေ ပါဝင်တဲ့အဖွဲ့က ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူကုန်ကူးမှုအန္တရာယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတွေ အကြိမ်ပြည့် ထိုးနှံနိုင်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံတွေကို အခုလဒုတိယအပတ်ကစပြီး လိုက်လံစည်းရုံနေတာပါ။
တကယ့်မြေပြင်မှာတော့ ဒေသခံပြည်သူလူထုတွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့နဲ့ပူးပေါင်းပြီး ရပ်ရွာလုံခြုံရေးကိစ္စတွေမှာ အတူတကွ ပူးပေါင်းပါဝင်ဖို့ကိုသာ အဓိက ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ သူတို့လာပြောတာတော့ စစ်ကြောင်း ၅ ကြောင်းအဖွဲ့ဟာ ပြည်သူတွေကို ဝန်ဆောင်မှုပေးတဲ့ အဖွဲ့တွေတဲ့ အစည်းအဝေးသွားတက်ကြဖို့၊ ဟိုလည်းရောက်ရော သူတို့က လုံခြုံရေးကိစ္စပဲ အဓိက ပြောတယ်။ ကိုယ့်ရပ်ရွာလုံခြုံဖို့က ဒေသခံတွေက အရေးကြီးဆုံးပဲ၊ တပ်မတော်သားတွေနဲ့ ရဲတွေနဲ့ ပူးပေါင်းပေးဖို့လိုတယ်၊ ကိုယ့်ရွာမှာ တစ်ခုခုထူးခြားရင်လည်း သတင်းမြန်မြန်ပို့ဖို့ကိစ္စပြောတယ်။ ထင်တာက ပြည်သူတွေကို တခြားဝန်ဆောင်မှုပေးမယ်အကြောင်းပြပြီး လုံခြုံရေးကိစ္စကို အသိပေးပြီး ဝင်ပါခိုင်းထာတာပဲ ထင်တယ်။” ဟု သူက ပြောပါတယ်။
ဒါအပြင် ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲမှာလည်း ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့ကိစ္စနဲ့ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စတွေကိုလည်း စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းရဲ့ လမ်းညွှန်မှုနဲ့ မွန်ပြည်နယ် မြို့နယ်တိုင်းမှာ လိုက်လံစည်းရုံသွားမှာဖြစ်ပြီး လက်ရှိမှာတော့ မော်လမြိုင်နဲ့ကျိုက်မရောမြို့နယ်တွေမှာ ဆောင်ရွက်နေတာပါ။
ကျန်တဲ့မြို့နယ်တွေကို နယ်မြေအခြေအနေအပေါ်မူတည်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကြောင်းကြီး ၅ ကြောင်းအဖွဲ့မှာ ပါဝင်သူတစ်ဦးကလည်း ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို တန်ပြန်နိုင်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အချက် ၃ ချက် ညွှန်ကြားထားတဲ့အကြောင်း ဒီနှစ်ဖေဖော်ဝါရီလအတွင်း ပေါက်ကြားခဲ့တဲ့ ညွှန်ကြားချက်တစ်ခုမှာ တွေ့ရှိရပါတယ်။
ဒီညွှန်ကြားချက်မှာတော့ စစ်မှုထမ်းဟောင်းနဲ့ ရဲမှုထမ်းဟောင်းတွေပါဝင်တဲ့ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းဖို့၊ စစ်ကြောင်း ၅ ကြောင်းနဲ့ နယ်မြေစည်းရုံးရေးဆင်းဖို့နဲ့ PDF တွေ သတင်းရဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက်ဖို့ စတဲ့အချက် ၃ ချက်ပါဝင်ပါတယ်။
စစ်ကြောင်းကြီး ၅ ကြောင်းမှာတော့ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စည်းရုံးရေးဆိုတဲ့ အစုအဖွဲ့ ၅ ခု ပါဝင်ပါတယ်။
အုပ်ချုပ်ရေး စစ်ကြောင်းမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ် ရဲအရာရှိတွေ၊ ကျေးလက်ဖွံဖြိုးရေးဌာနဲ့ မြို့နယ်ရွေးကောက်ပွဲအရာရှိတွေ ပါဝင်ပါတယ်။
ဒီစစ်ကြောင်းရဲ့ တာဝန်ကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တာဝန်ထမ်းဆောင်နိုင်ရေး ကူညီဖို့၊ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို လိုက်နာဖို့ ဟောပြောရမယ့် အဖွဲ့လို့ သိရပါတယ်။
နိုင်ငံရေးစစ်ကြောင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အဖွဲ့ဝင်တွေပါဝင်ပါတယ်။
ဒီအဖွဲ့ရဲ့တာဝန်ကတော့ အာဏာသိမ်းခေါင်းဆောင် ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို ဟောပြော ဝါဒဖြန့်ဖို့ ဖြစ်ပါတယ်။
ဒေသဖွံ့ဖြိုးရေး စစ်ကြောင်းမှာတော့ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနက ဦးဆောင်ပါတယ်။ လူမှုရေး စစ်ကြောင်းမှာတော့ မြို့နယ်ကျန်းမာရေးနဲ့ ပညာရေးဌာနက အရာရှိတွေ ဦးဆောင်ပါတယ်။
မွန်ပြည်နယ်အတွင်း ကွင်းဆင်းစည်းရုံးနေတဲ့ စစ်ကြောင်းကြီး ၅ ကြောင်းအဖွဲ့မှာ စစ်ကောင်စီတပ်က ဗိုလ်မှူးဦးဆောင်ပြီး အဖွဲ့ဝင်အင်အား ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။
စစ်ကြောင်း ၅ ကြောင်းအဖွဲ့မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေးဖွံ့ဖြိုးဖို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်ကြတယ်ဆိုပေမယ့် တကယ်လက်တွေ့မှာတော့ PDF အဖွဲ့တွေရဲ့ သတင်းရဖို့နဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဖို့သာ အဓိကထား စည်းရုံးနေကြတာလို့လည်း မွန်ဒေသခံတွေက ပြောကြပါတယ်။
သတင်း-သံလွင်တိုင်းမ်