အမှန်/အမှား

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “TNLA+ပဒက်ပူးပေါင်းအဖွဲ့ထံမှ အလောင်းအချို့ရနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ“ ဆိုတဲ့ အကြောင်း အရာကို စိစစ်ပေးသွားပါမယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေ သြဂုတ်လ(၃၁)ရက်နဲ့ စက်တင်ဘာလ ပထမပတ်အတွင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကို ထောက်ခံတဲ့အကြောင်းအရာတွေ အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ မှိုင်း‌ဝေ၊ Ko Thets news စတဲ့ Telegramအကောင့်တွေကနေ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

“နောင်ချိုဘက်မှာ တပ်မတော်ကပဲ ၁၀၀၀ လောက်ကျသလိုလိုဖွနေလို့ မိမိဘက်မှ ထိခိုက်မှုကိုမရှိတာပါဗျာ ၊ TNLA+ပဒက်ပူးပေါင်းအဖွဲထံမှ အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ” ဆိုတဲ့ ခေါင်းစဥ်နှင့်အတူ ဓာတ်ပုံတချို့ကို စစ်ကောင်စီဝါဒဖြန့် အကောင့်ပုန်းတွေက ဖြန့်ဝေထားကြတာပါ။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/3S1f9zo

ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စိစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီးစစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်‌။

စစ်တပ်လော်ဘီအကောင့်တွေ ဖြန့်‌ဝေထားသလို မဟုတ်ဘဲ အဆိုပါ ဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်အတွင်းက သျှမ်းသံတော်ဆင့်သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံတွေ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီထောက်ခံသူ အကောင်တုတွေဖြန့်‌ဝေနေတဲ့ ၂၀၂၁ခုနှစ်အတွင်းက သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားတဲ့ဓာတ်ပုံတွေကို လက်ရှိ ၂၀၂၂ စက်တင်ဘာလအတွင်းမှာမှ စာသားတွေ ထပ်ဖြည့်ကာ ဖြန့်‌ဝေနေခြင်း ဖြစ်တာကို သျှမ်းသံတော်ဆင့် သတင်းဌာနကဖော်ပြထားတဲ့ ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးချက်အရ တွေ့ရပါတယ်။

သျှမ်းသံတော်ဆင့်ရဲ့ သတင်းဖေါ်ပြမှုမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ထိတွေ့ တိုက်ပွဲဖြစ်တဲ့အကြောင်း ရေးသားထားတာပါ။

သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့သတင်း ဖော်ပြချက် အပြည့်အစုံ – https://bit.ly/3eJBjb8

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “TNLA+ပဒက်ပူးပေါင်းအဖွဲ့ထံမှ အလောင်းအချို့ရ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ”ဆိုတဲ့ သတင်းဟာ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ထားတဲ့ သတင်းမှားတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.