ထီးလင်း – စက်တင်ဘာ(၁၃)

အထွေထွေအင်အားနည်းပါးလာလို့ ထီးလင်းမြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ People Defence Force-Htilin(YPRA) ဆေးတာဝန်ခံ Stella Wai က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ထီးလင်း PDF Medical Team ဟာ ငွေအင်အားနဲ့ ဆေးအင်အားနည်းပါးတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်တွေရပ်တန့်ထားရတာပါ။

ကျေးရွာပေါင်း(၁၆)ရွာ၊စစ်ဘေးရှောင်စခန်း(၃)ခုနဲ့ လူနာဦးရေ (၇၇၈) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးထားနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ငွေကြေးနဲ့ ဆေးလိုအပ်ချက်တွေ ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်နားလိုက်ရတာဖြစ်ပါတယ်။

“ဆေးဝါးနဲ့ငွေကြေးကတော့ အခက်ခဲဆုံးအပိုင်းပါ။ဒိုနာ အဖွဲ့တွေနဲ့ ချိတ်ဆက်မှုအားနည်တာရော အင်တာနက်အခက်အခဲရော ဒါလေးတွေတော့ ရှိတာပေါ့ ကျန်တဲ့အခက်အခဲတော့ အခက်အခဲ ရယ်လို့ မထင်ပါဘူးရှင် ကျွန်မတို့က ရွာတစ်ရွာကို သွားတော့ ရွာထဲကလူတွေက ဆေးဆရာတွေ ဆရာမတွေလာတယ်ဆိုလို့ လာပြကြတယ်။ ကျွန်မတို့မှာ ဆေးဝါးက လုံးဝအဆင်မပြေတော့ နောက်တစ်နေ့မှ လာပြပါ ကျွန်မတို့ပြန်လာအုံးမှာပါ” ဆိုပြီးပြောထားရတယ်လို့ Stella Wai က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးရလို့ ကျေနပ်အားရတာရှိပေမယ့် လိုအပ်တဲ့နေရာတွေမှာ ဆေးဝါးအခက်အခဲတွေ ရှိနေတဲ့အတွက် အခုချိန်ထိမသွားရသေးတဲ့ နေရာတွေရှိနေသေးတယ်လို့ သူက ပြောပါသေးတယ်။

ထီးလင်း PDF တပ်ခွဲ(၈) ခုစာအတွက်လိုအပ်တဲ့ဆေးဝါးတွေဝေမျှပေးနေရတဲ့အတွက် ဆေးဝါး ပစ္စည်းအလုံအလောက်မရှိတာဖြစ်တယ်လို့ သိရပါတယ်။

“ဆေးဝါး၀ယ်ဖို့ တပ်ရင်းဘဏ္ဍာကနေ ထုတ်မသုံးပါဘူး ဘာလို့လဲဆို လက်နက်ခဲယမ်း ၀ယ်ဖို့အတွက် ငွေပိုလာစေချင်လို့ပါ ဒါကြောင့် ကျမတို့ Medical Teamက ဆေးဘဏ္ဍာ ရှာဖွေ‌ရေးအပိုင်းကိုပါ တာ၀န်ခွဲဝေယူထားပါတယ်” လို့ Stella Wai ကပြောပါတယ်။

ဒေသခံပြည်သူတွေကို ဆေးဝါးစောင့်ရှောက်မှုပေးတဲ့အချိန်မှာ လမ်းခရီးအတွက် ဆိုင်ကယ် လိုအပ်ချက်တွေရှိနေပြီး တခါတရံမှာတော့ ကျေးရွာတွေအလှူငွေထည့်ဝင်ပေးကြတာရှိတယ် လို့သိရပါတယ်။

Medical Team ထဲမှာဆေးတာ၀န်ခံ(Dip of midwife) ၁ဦး၊Second Year Nursing (CDM Student ) ၂ ဦး၊ First Year Nursing (CDM Student) ၁ ဦး၊CDM ဆေး Compounder ၁ ဦး၊အပြင်သူနာပြုအကူ (Nurse Aid) ၂ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဆေးသင်တန်းသား (၁၂) ဦးကို သင်တန်းပေးထားပြီး သူတို့ကို တပ်ခွဲတွေမှာ နှာစေး၊ ချောင်းဆိုးဖျားနာအတွက် ကုသခွင့်ပြုထားပြီး ရပ်ရွာထဲမှာ အခကြေးငွေယူပြီး ဆေးကုသခွင့် မပြုထားသလို တော်လှန်ရေးအောင်မြင်ချိန်မှာလည်း တပ်ဖွဲ့က သင်ပေးထားတဲ့ ဆေးပညာကို အသုံးမပြုရဘူးဆိုတဲ့ စည်းကမ်းချက်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.