ထီးလင်း – စက်တင်ဘာ(၁၁)
စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းလမ်းကြောင်းနဲ့ ထုတ်ကုန်ပစ္စည်းတွေကို စစ်ဆေးဖို့အတွက် ထီးလင်းမြို့နယ်မှာ နယ်မြေစိုးမိုးထားတဲ့ YDF-Htilin က စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး လုံခြုံရေး ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ထဲက စစ်ဆေးရေးဂိတ်(၄) ဂိတ်နဲ့ စတင်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ပထမတစ်ခုက ပြည်သူကိုလုံခြုံမှုပေးဖို့၊ ဒုတိယအချက်ကတော့ စစ်ကောင်စီထုတ်ကုန် ပစ္စည်း တွေကိုကြပ်မတ်နိုင်ဖို့ပေါ့။ တတိယတချက်ကကျတော့ အရင်ကစစ်ကောင်စီက လက်နက် ခဲယမ်းတွေကို ယာဉ်တန်းတွေနဲ့သယ်ကြတယ်။ ရေကြောင်းနဲ့သယ်တယ်။ ခုနောက်ပိုင်း မှာအဲလို မဟုတ်ပဲနဲ့ ဆိုင်ကယ်နဲ့သယ်တာကိုတွေ့ရတယ်။ အိမ်စီးကားတွေနဲ့သယ်တာကို တွေ့ရတယ်။ ဒါတွေကိုကြပ်မတ်နိုင်အောင်လို့ ရည်ရွယ်ပြီးဂိတ်တွေကိုဖွင့်ရခြင်းဖြစ်ပါတယ်” လို့ YDF-Htilin တာဝန်ရှိသူတစ်ဦးကသံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် ထီးလင်းမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ များနေတဲ့အတွက် ယူနီဖောင်းနဲ့ လက်နက် ပေါင်းစုံတွေ့နေရပြီး စစ်ကောင်စီတပ်တွေနဲ့ ထင်ယောင်ထင်မှားဖြစ်ကာ ပြည်သူတွေစိုးရိမ်မှုတွေ ရှိနေတဲ့အတွက် အခုလို စစ်ဆေးရေးဂိတ်ဖွင့်တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
ထီးလင်းမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက (၉၅) ရာခိုင်နှုန်းလောက်နယ်မြေစိုးမိုးမှု ရရှိထားပြီး တခြားဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေအပါအဝင် စစ်ဆေးရေး ဂိတ် (၁၀) ဂိတ်ကျော်ရှိနေတယ်လို့ သိရပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ တာဝန်ကျနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူလူထုဆီက အခကြေးငွေတောင်းခံတာတွေအတွက်ခွင့်မပြုထားသလို ပြည်သူတွေအနေနဲ့လည်း လုံခြုံရေး ဝန်ထမ်းတွေကို ငွေကြေးပေးဆောင်တာတွေမလုပ်ဖို့ အတွက် တားမြစ်ထားပါတယ်။
YDF – Htilin ရဲ့ စစ်ဆေးရေးဂိတ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ မကျေနပ်မှုနဲ့ ပြဿနာတခုခုရှိလာ ရင် YDF ထီးလင်းရုံးကို တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ ဆိုထားပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ အရက်၊ဘီယာနဲ့ ဆေးလိပ်တွေကို အဓိကထားစစ်ဆေးနေပြီး အိမ်အသုံးအဆောင်ပစ္စည်းတချို့ကို တော့ ပြည်သူတွေရဲ့ လိုအပ်ချက်အရ လွှတ်ပေးတာတွေရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YDF-Htilin