ပေါက် – စက်တင်ဘာ(၁၂)

မကွေးတိုင်း ပခုက္ကူခရိုင်မှာ အထိုင်ချထားတဲ့ ပေါက်တပ်ရင်း(၄)၊တပ်ခွဲ(၁) သိန်းငှက်ပျောက်ကြား တပ်ဖွဲ့ရဲ့ အမည်ကို သုံးပြီး ပြည်သူတွေဆီက လိမ်လည်အလှူခံတာတွေရှိနေတဲ့အတွက် သတိထား ပြီးလှူကြဖို့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လိမ်လည်သူတွေဟာ သိန်းငှက်ပျောက်ကြား PAUK အမည်နဲ့ Facebook စာမျက်နှာ ဖွင့်လှစ်ကာ လိမ်လည်အလှူခံနေတာကြောင့် မှားယွင်းလှူဒါန်းပြီး ငွေကြေးဆုံးရှုံးတာတွေဖြစ်မှာ စိုးရိမ်လို့ ပြည်သူလူထုကို အသိပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူကထောက်ပို့ဆိုပြီးတော့ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ အဲဒီမှာကျွန်တော်တို့က ယုံပြီး တော့ တိုက်ပွဲ Video File တွေ၊ဓာတ်ပုံတွေပေးလိုက်မိတယ်။ အဲဒီဟာတွေနဲ့ သူက လုပ်စား နေတာ။ စခန်းအစီးခံရတယ်ဆိုပြီးတော့မြေလတ်အသံသတင်းဌာနမှာလဲ တင်ထား တယ်။သူ့ဘာသူ မြေလတ် အသံနဲ့ ဆက်သွယ်ပြီးတော့ တင်တာ။ ကျွန်တော် တို့စခန်းကဘယ်တုန်းကမှ အစီးမခံခဲ့ရဘူး”လို့ သိန်းငှက်​ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ(၂၈) ရက်နေ့က စခန်းဖျက်စီးခံရတဲ့နောက်သိန်းငှက်ပျောက်ကြားတပ်ဖွဲ့ ပြန်လည်ရပ်တည်ဖို့ အကူအညီလိုအပ် ဆိုတဲ့ မြေလတ်အသံသတင်းဌာနက ဖော်ပြထားတဲ့ သတင်း ဟာမှန်ကန်မှုမရှိဘဲ သတင်းအမှားသာဖြစ်ပြီး အဲ့ဒီနေ့က စစ်ကောင်စီတပ်သား(၁၇) ဦးကို ရှင်းလင်း သုတ်သင်နိုင်တဲ့အထိ အောင်မြင်မှုရရှိထားတာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

သိန်းငှက်ပျောက်ကြားတပ်ဖွဲ့ပေါက်တပ်ရင်း(၄) တပ်ခွဲဟာ စစ်ကောင်စီတပ်သားတွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

လက်ရှိမှာ ငွေကြေးလိမ်လည်အလှူခံနေသူဟာ ထိုင်း-မြန်မာနယ်စပ်အနီးမှာရောက်ရှိနေပြီး သတင်းအတိအကျသိရဖို့ စုံစမ်းနေတယ်လို့ သိန်းငှက်ပျောက်ကြားတပ်ဖွဲ့က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.