မဲဆောက်၊ စက်တင်ဘာ ၁၁
ထိုင်း အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်ဟာ မတရား အလုပ်ထုတ်ခံရတာကြောင့် စက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဒီစက်ရုံဟာ ထိုင်းနိုင်ငံ၊ အုန်းရိုင်ခရိုင်မှာ ရှိနေတာဖြစ်ပြီး နစ်နာကြေး မပေးဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခဲ့တာပါ။
စက်ရုံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေဟာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများဖြစ်ပေမယ့်လည်း (MoU) စနစ်နဲ့ လာရောက်သူတွေကို အစားထိုးခန့်အပ်ဖို့ အခုလို အလုပ်ထုတ်တာဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် မတရား အလုပ်ထုတ်ခဲ့ရတဲ့ အလုပ်သမားတွေဟာ စက်တင်ဘာလ ၈ ရက်နေ့က စက်ရုံရှေ့ ဆန္ဒပြခဲ့ကြပြီး ရပိုင်ခွင့်တွေကိုတောင်းဆိုခဲ့ပေမယ့်လည်း မပြေလည်ခဲ့တာကြောင့် အခုလို တရားစွဲဆိုဖို့ ဆောင်ရွက်ရတာဖြစ်တယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုရဲမင်းက ဆိုပါတယ်။
သတင်း- သံလွင်တိုင်းမ်