မော်လမြိုင် – စက်တင်ဘာ(၁၁)
စစ်ကောင်စီတပ်တွေဟာ စိတ်ဓာတ်၊စည်းကမ်း၊ကျင့်ဝတ်ကင်းမဲ့ရုံမက စစ်တိုက်နိုင်စွမ်းမရှိတော့ သလို အပြစ်မဲ့ ပြည်သူတွေကို ရန်ရှာ၊မီးရှို့သတ်ဖြတ်ဖို့သာတက်နိုင်တော့တဲ့ လက်မရွံ့လူသတ်ဓားပြ ဂိုဏ်းအဆင့်ကို လျှော့ကျသွားပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးရုံးထုတ်ပြန်ထားပါတယ်။
ဒီနေ့ စက်တင်ဘာလ(၁၁) ရက်နေ့မှာ NUGကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့သားကောင်းများကို ပေးပို့တဲ့ဂုဏ်ပြုသဝဏ်လွှာမှာ အခုလိုပြောဆိုထားတာပါ။
“စစ်ကောင်စီတပ်ဟာ စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံမက အခုဆိုရင် စစ်တိုက်နိုင်စွမ်း လည်းမရှိ၊ အပြစ်မဲ့ပြည်သူကို ရန်ရှာ၊ မီးရှို့၊ သတ်ဖြတ်ဖို့သာတတ်နိုင်တော့တဲ့ လက်မရွံ့လူသတ် ဓားပြဂိုဏ်း အဆင့်ကို လျောကျသွားခဲ့ပြီလည်း ဖြစ်တယ်။ ဒီအချက်က စစ်အုပ်စုရဲ့နေဝင်ချိန် မဝေးတော့ဘူး ဆိုတာကို ပြတယ်” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
ပြည်သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ CDM ရဲဘော်တွေရဲ့ အသိဉာဏ်ပညာအတွက် ဂုဏ်ယူလေးစားတယ် လို့ဆိုထားကာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေအဖြစ်ခံယူပြီး တော်လှန် ရေး မှာ ပါဝင်နေကြတဲ့အတွက် ပြည်သူတွေ ဂုဏ်ယူနေကြလိမ့်မယ်လို့ ဆိုထားပါတယ်။
လက်ရှိအချိန်မှာ အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ ဗိုလ်နေဝင်းကနေ မင်းအောင်လှိုင်အထိ ကိုယ်ကျိုးအာဏာငမ်းဖမ်းနေတဲ့ စစ်ခေါင်းဆောင်တစ်စု ကြောင့် ထိခိုက်ပျက်စီးနေပြီဖြစ်တယ်လို့ ဆိုထားပါတယ်။
လက်နက်အားကိုးပြီး ပြည်သူကို ရန်ပြုနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင်တွန်းလှန် ဖယ်ရှားပစ်ဖို့က လက်တလောတာဝန်ဖြစ်ပြီး နိုင်ငံတည်ငြိမ်မှု၊ပြည်သူတွေရဲ့ လုံခြုံမှု အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတာဝန်ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်