ကရာချီ၊ စက်တင်ဘာ (၁၁)
သဘာဝဘေးအန္တရာယ်တွေရဲ့ ဆိုးဝါးမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်ဖို့ ရည်ရွယ်ပြီး ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ဟာ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရတဲ့ ပါကစ္စတန်ရဲ့ ဒေသအများအပြားသို့ သွားရောက်ခဲ့ပါတယ်။
မုတ်သုံမိုးရွာသွန်းမှုနဲ့ ရေခဲမြစ်တွေ အရည်ပျော်မှုကြောင့် ပါကစ္စတန် မြောက်ပိုင်းတောင်တန်းဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁,၃၉၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လူနေအိမ်တွေ၊ ကားလမ်းတွေ၊ ရထားလမ်းတွေ၊ တံတားတွေ၊ တိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေ များစွာပျက်စီးဆုံးရှုံးခဲ့ရတာပါ။
နိုင်ငံရဲ့ ကြီးမားတဲ့ နေရာတွေမှာ ရေလွှမ်းမိုးနေပြီး ထောင်နှင့်ချီတဲ့ လူတွေကို ၎င်းတို့ရဲ့ နေအိမ်တွေကနေ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းခဲ့ရပါတယ်။ လူပေါင်း ၃၃သန်းနီးပါးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျောက်ပျက်ခဲ့ရကြောင်းကိုလည်း ပါကစ္စတန် အစိုးရက ပြောကြားခဲ့ပါတယ်။
ပါကစ္စတန် အစိုးရကတော့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ ဒေသဖြစ်တဲ့ ဗါလိုချစ္စတန် ကို မသွားရောက်မီ ဆင့်ဒ် Sindh ပြည်နယ်ကို သွားရောက်ခဲ့တာပါ။
ပါကစ္စတန် ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ဗီဒီယိုအရ ဂူတာရက်စ်ဟာ ဆင့်ဒ်ပြည်နယ်သို့ သွားရောက်ချိန်မှာ “ဒီလိုကြေကွဲစရာအသေးစိတ်ဖော်ပြချက်တွေကိုကြားသိရလို့ အထူးဝမ်းနည်းပူပန်ရပါတယ်။ ပါကစ္စတန်က ကြီးမားတဲ့ ငွေကြေးပံ့ပိုးမှု လိုအပ်တယ်။ ဒါက ရက်ရက်ရောရော လှူဒါန်းရမယ့် အရာမျိုးမဟုတ်ပေမယ့် ပါကစ္စတန်အတွက် တရားမျှတမှုပဲ” လို့ ဂူတာရက်စ် Guterres ကပြောကြားခဲ့ပါတယ်။
ဇူလိုင်လနှင့် သြဂုတ်လတွေမှာတော့ ပါကစ္စတန်မှာ မိုးရေချိန် ၃၉၁ မီလီမီတာ ရွာသွန်းခဲ့ပြီး နှစ် ၃၀အတွင်း ပျမ်းမျှနှုန်းရွာ သွန်းနှုန်း ထက် ပိုမိုခဲ့တာဖြစ်ပါတယ်။
ကမ္ဘာကြီးအနေနဲ့ ဝင်ငွေနည်းပါးသောနိုင်ငံများရဲ့ ရာသီဥတုပြောင်းလဲခြင်း အကျိုး သက်ရောက်မှုကို နားလည်ရန် လိုအပ်နေတယ်လို့ ဂူတာရက်စ်ကပြောကြားခဲ့ပါတယ်။
Ref:CNA