ထားဝယ်အရှေ့တောဒေသကို အခြေခံစားသောက်ကုန် သယ်ဆောင်ခွင့် စစ်ကောင်စီ ကန့်သတ်

ထားဝယ်၊ စက်တင်ဘာ ၁၁

တိုက်ပွဲ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဘက်ဒေသက ကျေးရွာတွေထံ ဆန်အပါအဝင် အခြေခံစားသောက်ကုန် အများအပြား သယ်ဆောင်ခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်တာတွေ လုပ်ဆောင်လာတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစပြီး ထားဝယ်အရှေ့တောဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေ ခပ်စိတ်စိတ် ပြန်ဖြစ်လာပြီးနောက် စစ်ကောင်စီတပ်က အခုလို ကန့်သတ်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ အခြေခံစားသောက်ကုန် သယ်ဆောင်ရာမှာ ကားတစ်စီးလျှင် ဆန် ၁၀ အိတ်ထက် ပိုမသယ်ဖို့၊ ပိုသယ်လာပါက ဆွဲချယူထားသလို အခြားစားသောက်ကုန်တွေလည်း အများအပြားသယ်ဆောင်လာပါက စစ်ဆေးမေးမြန်းပြီး သိမ်းယူတာတွေ လုပ်ဆောင်နေတာပါ။

“အဓိကတော့ ဆန်ပေါ့၊ကျန်တာတွေလည်း ပါတယ်၊ ပိုသယ်လာရင် ဆွဲချထားလိုက်တယ်၊ ဆေးဝါးတွေလည်းပါတယ်။ ပြန်ရောင်းမယ့်သူတွေလည်း အခက်အခဲဖြစ်သလို ဝယ်ယူစားသောက်မယ့် ပြည်သူတွေလည်း ဈေးကြီးပေးဝယ်စားရတာပေါ့၊အခုရက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်လို့ ပိုကြပ်လာတဲ့ သဘောပါ”လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဆန်အပါအဝင် အခြေခံစားသောက်ကုန် အများအပြား ဝယ်ယူသိုလှောင်လိုပါက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထောက်ခံချက် လက်မှတ်ပါမှ သယ်ယူခွင့်ရတယ်လို့ ဆိုပါတယ်။

ထားဝယ်အရှေ့တောဒေသမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ဘဝပင်ကျေးရွာက ဒေသခံပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်ကာအဖြစ် ဖမ်းဆီးပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသလို ကျေးရွာဘုန်ကြီးကျောင်းအတွင်း ဝင်ရောက် တပ်စွဲထားတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.