စစ်ကောင်စီတပ်ရင်းတွေမှာ အင်အားနည်းလာတာကြောင့် ဇနီးနဲ့ သားသမီးတွေကိုပါ ကင်းစောင့်ဖို့ ညွှန်ကြားထား

မော်လမြိုင်၊ စက်တင်ဘာ (၁၁)

မွန်ပြည်နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ တပ်ရင်းတွေမှာ တပ်ဖွဲ့ဝင်အင်အား နည်းပါးလာတဲ့အတွက် တပ်ရင်းလုံခြုံရေးကို တပ်ဖွဲ့ဝင်ဇနီးသည်တွေက အလှည့်ကျစနစ်နဲ့ လုံခြုံရေးကင်းစောင့်ပေးနေရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခုခံတော်လှန်စစ် စတင်ကြောင်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၇ ရက်မှာ ကြေညာပြီးနောက် တိုင်းနဲ့ပြည်နယ်အများစုမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန်ထိတွေ့ တိုက်ပွဲတွေ မိုပိုပြင်းထန်လာခဲ့ပါတယ်။

ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ အထိနာခဲ့ပြီး အကျအဆုံးရှိခဲ့ပါတယ်။ NUG ရဲ့ စတင်ကြောင်း ကြေညာခဲ့ချိန်ကစလို့ စစ်ကောင်စီတပ်သား ၂၀,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ စက်တင်ဘာလ ၇ ရက် မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

ဒီလို အခြေအနေမှာ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေမှာ ကျန်ရှိနေတဲ့ စစ်သားတွေကို ရှေ့တန်း ထပ်မံပို့ဆောင်နေရလို့ တပ်ရင်းတပ်ဖွဲ့လုံခြုံရေးအတွက် လိုအပ်ချက်တွေရှိနေတာပါ။ဒါကြောင့် တပ်ရင်းလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်ဇနီးသည်တွေနဲ့ သားသမီးတွေကို စစ်ကောင်စီက ကင်းစောင့်တာဝန်ကို မဖြစ်မနေ စောင့်ကြဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီတပ် နီးစပ်သူက ဆိုပါတယ်။

“အခုက တပ်ရင်းမှာ အင်အားအရမ်းနည်းနေပြီလေ၊ အဲဒါကြောင့် ကျွန်မတို့ကို လုံခြုံရေးကင်းစောင့်ဖို့ တာဝန်ယူခိုင်းထားတယ်၊ အရင်တုန်းကတော့ အဲလိုမျိုး ကင်းစောင့်ရတာတွေ ရှိပါတယ်။ တစ်ပတ်မှာမှ တစ်ခါလောက်ပဲ ရှိတယ်လေ၊ အခုက နေ့တိုင်းကျူတီဝင် ရမယ်ပြောတယ်။တကယ်လို့ သားသမီးရှိလို့ ကိုယ်က ဆန္ဒရှိရင် အမေအစား သားသမီးတွေက စောင့်ပေးလို့ရပါတယ်” လို့ သူက ဆိုပါတယ်။

လုံခြုံရေးကင်းစောင့်တာဝန်အတွက် ဂိတ်ပေါက်တစ်ခုကို အမျိုးသမီး ၂ ဦးနဲ့ တပ်ဖွဲ့ဝင်အမျိုးသား ၄ ဦးပါဝင်ပြီး ၊ တချို့တပ်တွေမှာတော့ အမျိုးသမီး ၅ ဦးနဲ့ တပ်ဖွဲ့ဝင် ၃ ဦးဟာ တစ်ရက်မှာ ၆ နာရီကြာ ၂ ချိန် စောင့်ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ဇနီးသည် သားမယားတွေအနေနဲ့ ပေးအပ်တာဝန်ကို ထမ်းဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင် တပ်ရင်းဌာနက လစဉ်ထောက်ပံ့ပေးနေတဲ့ အခြေခံစားသောက်ကုန်တွေ ဖြတ်တောက်နေတာ ဖြစ်ပါတယ်။

“ကျန်းမာရေးကိစ္စကလွဲလို့၊ ပျက်ကွက်ခဲ့ရင်တော့ ပုံမှန်ရနေတဲ့ ထောက်ပံ့မှုတွေတော့ တစ်လ ဖြတ်ခံ ထိမယ်၊ ပျက်ကွက်မှုမရှိရင်တော့ တစ်ခုခုခံစားခွင့်ပေးမယ်၊ ရေရှည်ပျက်ကွက် တာများရင်တော့ ဇနီးသည်တွေရဲ့ တပ်ဖွဲ့ဝင်အမျိုးသားက ရာထူးတိုးခံစားခွင့်တွေ၊ ပင်စင်လစာတွေ ထောက်ပံ့ကြေး တွေ လျှော့ပေါ့ပေးမှာ မဟုတ်ဘူး”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တပ်ဖွဲ့ဝင်မိသားစုဝင်အများစုဟာ တပ်ရင်းတပ်ဖွဲ့တွေကနေ ထွက်ပြေးနေချင်ကြပေမယ့် လွယ်လွယ်ကူကူထွက်ပြေးလို့မရနိုင်အောင် စစ်ကောာင်စီဘက်က သေချာစောင့်ကြည့်နေကြတယ်လို့လည်း သူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ကာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ စစ်ကောင်စီအရာရှိ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ ဗိုလ်တို့အပါအဝင် စစ်ကောင်စီ တပ်သားတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၈,၀၀၀ နီးပါး ရှိလာပြီလို့ ပြည်သူ့ရင်ခွင် – People’s Embrace အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရင်း တစ်ရင်းမှာ အရာရှိတွေအပါအဝင် စစ်ထွက်အင်အား အနည်းဆုံး ၈၅ ဦး ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် စစ်ထွက်အင်အား ၈၅ ဦးထက် လျော့နည်းနေတာကြောင့် ဒီအရေအတွက် ပြည့်မီဖို့ စစ်ကောင်စီ စစ်ဌာနချုပ်အသီးသီးက လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို ဖိအားပေးနေတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.