ဘီးလင်း၊ စက်တင်ဘာ (၈)

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာ(၇)ရပ်ကွက်၊ပြည်သူ့ဆေးရုံအရှေ့မှာ စက်တင်ဘာ ၈ ရက်နေ့ မနက် ၈ နာရီလောက်က ဘီးလင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်း သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဟိန်းစတိုး ဆိုင်ပိုင်ရှင် အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်းကို အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ် ၂ ဦးနဲ့ လာရောက်ပြီး နေအိမ်အရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်းဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေနတ်ဒဏ်ရာ ၅ ချက်ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပြီး အလောင်းကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပိုဆောင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူကို အရင်က စကစ ကသေနတ်ထုတ်ထားပေးတယ်၊သေနတ်ပြန်သိမ်းခံရပြီးမှ ပစ်သတ်ခံရတာ၊ သူက အရင်က ကြက်ကင်ရောင်းလို့ သူကို ကြက်ကင်လို့ပဲ အများက ခေါ်ကြတယ်။ သူက ဘီးလင်းမှာ တော်တော်ဆိုးတဲ့သူ”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်းဟာ ပြီးခဲ့တဲ့ကာလတွေတုန်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုှပ်ရှားသူတွေကို စစ်တပ်နဲ့ လိုက်လံဖမ်းဆီးရမှာ ဦးဆောင်ပါဝင်သူ ဖြစ်ပြီး၊ ဘီးလင်းမြို့နယ်အတွင်းမှာတော့ နာမည်ဆိုးနဲ့ ကျော်ကြားသူ တစ်ဦး ဖြစ်ပါတယ်။

အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်း သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘီးလင်းမြို့ လမ်းဆုံလမ်းခွတွေနဲ့ မြို့အဝင်အထွက် နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေသလို ဖုန်းတွေကိုပါ ယူစစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.