ရန်ကုန်၊ စက်တင်ဘာ (၈)

လာမယ့်တစ်နှစ်အတွင်း အခုထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာ ရလဒ်တွေ ထွက်ရှိဖို့ အရှိန်အဟုန်မြှင့် အားသွန်ကြိုးပမ်းနေကြပြီး ဖက်ဆစ်သန္ဓေရှိတဲ့ စစ်အုပ်စုကို အမြစ်ပြတ်သုတ်သင်ပေးမယ့် အဆုံးအဖြတ် တိုက်ပွဲဟာ အနှေးနဲ့ အမြန် ရောက်လာလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခဲ့တာဟာ တစ်နှစ်ပြည့်မြောက်သွားတဲ့ ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်င်ငံတော်အခြေပြမိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

ယာယီသမ္မတက ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်တဲ့ အခုချိန်မှာ စစ်ကောင်စီအနေနဲ့ ကောင်းကောင်း စိုးမိုးအုပ်ချုပ်နိုင်တာဆိုလို့ တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့်နှစ်ဟာ သမိုင်းဝင်မယ့် နှစ်ဖြစ်တဲ့အတွက် အစွမ်းကုန်ကြိုးစားကြဖို့နဲ့ ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်းမှာ လူထုရဲ့ တော်လှန်ရေးကြီးကို အင်နဲ့အားနဲ့ အရှိန်အဟုန်မြှင့်တင်သွားမယ်လို့ ယာယီသမ္မတက ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဘက်က မြို့ပြတွေနဲ့ ပတ်သက်ရင် ၁၃ ရာခိုင်နှုန်းလောက်ကို ထိန်းထားနိုင်ပြီး NUG ဘက်က ၂၁ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာ စစ်ရေးချိန်ခွင်လျှာဟာ NUG ဘက်ကို အသာစီးရတော့မယ့် အနေအထားဖြစ်တယ်လို့ သုံးသပ်တာပါ။

“အဲဒီတော့ စစ်ရေးချိန်ခွင်လျှာဟာ NUG ဘက်က အသာစီးရတော့မယ့် အနေအထားနဲ့ စစ်ကောင်စီဘက်က ပြိုလဲပျက်စီးတော့မယ့် အနေအထားနှုတ်ခမ်းဝကို ရောက်ရှိနေပြီလို့ ကျွန်တော်တို့ အနေနဲ့ မျှော်လင့်တယ်။အဲဒါကြောင့်မို့ ဒီအခြေအနေကို နောက်ထပ် ပြန်လှန်ထိုးစစ်သာ ဆင်နွှဲနိုင်ကြမယ်ဆိုလို့ ရှိရင် နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် မြေမြှုပ်သင်္ဂြိုဟ်ရေး၊ စစ်ကောင်စီ ဖျက်သိမ်းရေး စတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးစတဲ့ စိတ်ကူးဆန်ပြီး အကောင်အထည်ဖော်ဖို့အတွက် အဆုံးအဖြတ်ပေးမယ့် နှစ်ကာလကို ရောက်နေပါပြီ”လို့ သူက သုံးသပ်ပါတယ်။

NUG ယာယီသမ္မတကတော့ စစ်အုပ်စုဟာ ပြည်သူ့အားနဲ့ ဆန္ဒကို ဟန့်တားနိုင်ဖို့ ရုပ်ဝတ္တုအား စိတ်ဓာတ်အား အလုံအလောက်မရှိတော့ဘဲ စစ်ရေး၊နိုင်ငံရေး၊စီးပွားရေး၊ နိုင်ငံတကာအရေး စတဲ့ အဘက်ဘက်က အထွေထွေအကျပ်အတည်း ဆိုက်ရောက်နေပြီဖြစ်တဲ့အတွက် ပိုပြီး ရက်စက်လာတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ခုခံစစ်မှာ စစ်ရေး၊ အုပ်ချုပ်ရေးအရ ပိုင်ပိုင်နိုင်နိုင် စိုးမိုးထားတဲ့ဒေသများစွာ ရှိလာပြီ ဖြစ်သလိူ နယ်မြေစိုးမိုးထားတဲ့ မြို့နယ်ပေါင်း ၂၄ ခုမှာ တရားသူကြီးအဖွဲ့တွေ စုဖွဲ့ ပြီး တရားစီရင်ရေးလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်နေပြီလို့လည်း ယာယီသမ္မတက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ခုခံတော်လှန်စစ် ရှေ့တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အဓိက အားနည်း လိုအပ်ချက်ဖြစ်တဲ့ ဘဏ္ဍာရန်ပုံငွေကိုလည်း တတ်စွမ်း သရွှေ့ ဆက်လက်ထောက်ပံ့ကူညီကြဖို့ကိုလည်း အလေးအနက် မေတ္တာရပ်ခံထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ လက်ရှိမှာတော့ PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက မြို့နယ်ပေါင်း ၂၅၀ ကျော်မှာလည်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းပြီး စစ်အုပ်စုကို တော်လှန်တိုက်ထုတ်နေတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.