မော်လမြိုင်၊ စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာမှာ စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေ တိုက်ခိုက်ခံရတာ‌ကြောင့် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ တနင်္သာရီပြောက်ကျားအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ မနက် ၅နာရီခွဲအချိန်‌‌လောက်မှာ ပဲ့တိုင်ကျေးရွာက ပျူစောထီးအဖွဲ့တွေ စုစည်းနေထိုင်တဲ့ နေရာတစ်ခုကို မြိတ်ခရိုင် တပ်ရင်း(၂)တပ်ခွဲ(၂)၊ တနင်္သာရီပြောက်ကျား၊ တနင်္သာရီရိုးမ၊ မြိတ် ပကဖ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပဲ့တိုင်ကျေးရွာ ပျူစောထီးခေါင်းဆောင် အိုနီဒီးဒူအပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကာ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

“သူတို့တွေ စုနေနေတယ်လို့ သတင်းရတဲ့နေရာတစ်ခုကို ပူးပေါင်းအဖွဲ့တွေဘက်က စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်၊ပျူခေါင်းဆောင်တစ်ယောက်နဲ့ဒုခေါင်းဆောင်တစ်ယောက်သေတယ်၊ ၃ ယောက်ဒဏ်ရာရတယ်၊မနက် ၇ နာရီလောက်မှာ တိုက်ပွဲပြီးတယ်။ ပူးပေါင်းအဖွဲ့ဘက်က ပြန်ဆုတ်လာခဲ့တယ်”လို့ တနင်္သာရီပြောက်ကျားအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် ပဲ့တိုင်ကျေးရွာက ဒေသခံ ရာချီ ဘေးလွတ်ရာ နေရာတွေနဲ့ နီးစပ်ရာ ဆွေမျိုးနေအိမ်‌တွေထံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.