ရေး၊ စက်တင်ဘာ (၈)

ကျပ်ငွေဈေးနှုန်း မတည်မငြိမ်မှုတွေနဲ့အတူ တန်ဖိုးဆက်တိုက်ကျဆင်းနေတာကြောင့် ကျပ်ငွေအစား ဒေသထွက် ကွမ်းသီးတွေကို ဝယ်ယူစုဆောင်းသူတွေ များပြားလာပြီး ဈေးနှုန်းလည်း မြင့်တက်လာနေတယ်လို့ မွန်ပြည်နယ် ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြန်မာငွေတန်းဖိုးကျဆင်းမှုနဲ့အတူ ထိုင်းဘတ်ငွေဈေးနှုန်း မြင့်တက်လာတာကြောင့် ကုန်သည်အများစု ကွမ်းသီးတွေကို ဝယ်ယူစုဆောင်းလာကြသလို ငွေဈေးနှုန်းအပေါ်မူတည်ပြီး ပြန်လည်ထုတ်ရောင်းနေကြတာပါ။

“မြန်မာငွေကျလာတော့ ဝယ်လှောင်ကြတာ၊ ဝယ်လှောင်ကြပြီး ထုတ်မရောင်းကြတော့ ကွမ်းသီးဈေးတွေ မြောက်တက်သွားတယ်၊ ဝယ်စုထားတော့ ကိုယ့်လက်ထဲမှာ ပိုက်ဆံမရှိတော့ ဈေးတက်လေ ပိုမြတ်လေပဲ၊ အဲလိုပဲ ပိုက်ဆံမရှိရင်ပြီးရော အကုန်လုံးဝယ်စုကြတာပဲ”လို့ ကွေမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရေးကွမ်းသီး တစ်ပိဿာကို ၇,၀၀၀ ကျော်နဲ့ မော်လမြိုင်ကွမ်းသီး အညိုသီး တစ်ပိသာ ၇,၂၀၀ ကျပ်နဲ့ မော်လမြိုင်ပါးပုပ်သီး တစ်ပိဿာ ၈,၀၀၀ ကျပ် ထိ ဈေးမြင့်တက်လာခဲ့ကြောင်း မော်လမြိုင်ကုန်စည်ဒိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကွမ်းသီးတွေကို ကုန်သည်အများစုက ဝယ်ယူစုဆောင်းထားတာကြောင့် လက်လီဝယ်ယူသူတွေအနေနဲ့လည်း ဝယ်ယူရ ခက်ခဲနေတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အခုလိုအချိန်မှာ ဒေသထွက် ကွမ်းသီးအခြောက်တစ်ပိဿာ ၅,၀၀၀ ကျော် ဝန်းကျင်ထိသာ ဈေးနှုန်းရှိခဲ့ပေမယ့် အခုနှစ်မှာ ကွမ်းသီးနု ခူးယူရောင်းချသူများလာတာကြောင့် ကွမ်းသီးတွေ ပြတ်လပ်လာနိုင်တယ်လို့ ကွမ်းသီးစိုက် တောင်သူတွေက ပြောပါတယ်။

ဒါပေမယ့် ကွမ်းသီးဈေးနှုန်းဟာ ကွမ်းသီးထွက်ရာသီဖြစ်တဲ့ နိုဝင်ဘာလလောက်မှသာ ဈေးပုံမှန်ပြန်ဖြစ်လာနိုင်တယ်လို့ ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.