ဂျာကာတာ၊ စက်တင်ဘာ (၇) 

အရှေ့တောင်အာရှရဲ့ အကြီးဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံစီးပွားရေးမှာ လောင်စာဆီဈေးနှုန်း ၃၀ရာခိုင်နှုန်းကျော် မြင့်တက်ရန် ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲပေးရေးအတွက် အစိုးရကို ဖိအားပေးဖို့ လူပေါင်းထောင်ချီပြီး ဆန္ဒပြပွဲများကို မြို့တော်ဂျာ ကာတာမှာ  ပြုလုပ်ခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ လောင်စာဆီဈေးတက်ခြင်းဟာ မကြာခဏဆိုသလို ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်စေပြီး ဒီလိုဆန္ဒပြမှုတွေ ကြောင့် တစ်ခါတရံမှာ အစိုးရရဲ့ မူဝါဒတွေကို ပြန်လည်ပြောင်းလဲရန် တွန်းအားဖြစ်စေခဲ့ပါတယ်။ နိုင်ငံတော် ဘတ်ဂျက် အပေါ် ဖိအားတွေ ဖြေလျော့မလား၊ ဒါမှမဟုတ် ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောမလားဆိုတာကတော့ ဆန္ဒပြပွဲတွေ ကနေ တဆင့် သမ္မတဂျိုကိုဝီဒိုဒိုရဲ့ ခိုင်မာစွာ ရပ်တည်နိုင်မှုကို စမ်းသပ်နေတဲ့ အချက်လည်း ဖြစ်ပါတယ်။

“အစိုးရက လောင်စာဆီဈေးတွေ လျှော့မချမချင်း ဒီဆန္ဒပြမှုတွေ ဆက်ရှိနေမှာပါ” လို့ အင်ဒိုနီးရှား အလုပ်သမားသမဂ္ဂများ ဖက်ဒရယ်ပြည်ထောင်စု ဥက္ကဋ္ဌ အိကယ်လ်က ဥပဒေပြုလွှတ်တော်ရှေ့မှာ ပြောကြားခဲ့ပါတယ်။ 

“အရင်က ကျွန်တော်တို့ အနိုင်ရခဲ့ပြီး သမ္မတ ဂျိုကို ဝီဒိုဒိုဟာ သာမန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဂရုမစိုက်တဲ့ အထက်တန်းလွှာတွေရဲ့ အသံတွေနဲ့အတူ၊ ပြည်သူတွေရဲ့ အသံတွေကို ကြားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့  သူကဆက်ပြောပါတယ်။ 

ဂျကာတာတစ်ခုတည်းမှာပင် ဆန္ဒပြပွဲသို့ လူ ၃၀၀၀ မှ ၅၀၀၀ အထိ တက်ရောက်လိမ့်မယ်လို့ စည်းရုံးသူများက ခန့်မှန်း ထားကြပြီး မြို့တော်တွင် ရာနှင့်ချီသော တက္ကသိုလ်ကျောင်းသားများကလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပါတယ်။ မြို့တော်ရဲ့ အဓိကလမ်းတွေပေါ်မှာ ထားရှိထားတဲ့  သံဆူးကြိုးတွေကို ဆွဲထုတ်ကာ ကားတာယာများကို မီးရှို့ခဲ့ကြပါတယ်။ 

ဆန္ဒပြပွဲတွေမတိုင်မီက  ဂျကာတာမြို့လယ်မှာရှိတဲ့  ထင်ရှားကျော်ကြားတဲ့ သမ္မတအိမ်တော်နှင့် အမျိုးသားအထိမ်းအမှတ် အဆောက်အအုံ ပတ်ပတ်လည်ရှိ လမ်းတွေကို ရဲတပ်ဖွဲ့က ပိတ်ထားခဲ့ပြီး ပါလီမန် အပါအဝင် နေရာတော်တော်များများကို စောင့်ကြပ်ဖို့အတွက်  စစ်တပ်နှင့် ရဲအရာရှိ (၇၂၀၀) ခန့်ကို တာဝန်ပေးအပ်ထားတယ်လို့ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံသားများဟာ  (၇) နှစ်အတွင်း အဆိုးရွားဆုံး ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်ကြုံတွေ့နေခဲ့ရပြီး လာမယ့်နှစ်မှာ ငွေကြေးဖောင်းပွမှုရဲ့ ၄ ရာခိုင်နှုန်းအောက်သို့ ကျဆင်းစေမယ့်  အစီအစဉ်ကိုလည်း ဆိုင်းငံ့ထားရပါတယ်။ 

သမ္မတက  ပြည်သူတွေကို “ဟုတ်တယ်၊ ဒါက ဒီမိုကရေစီနိုင်ငံပါ။ ကိုယ့်ကိုကိုယ် မှန်မှန်ကန်ကန် ထုတ်ဖော်ပါ” ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ တိုက်တွန်းခဲ့တယ်လို့ ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

ဂျကာတာမြို့ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးကလည်း ဆန္ဒပြပွဲမှာ “မင်းမဲ့စရိုက်” အဖြစ်သို့ ပြောင်းလဲခြင်းမပြုရန် လူထုအား တောင်းဆိုခဲ့ပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.