မော်လမြိုင် – စက်တင်ဘာ(၇)

လာမယ်၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် အရေးကြီးနေပြီး ရန်သူကို အချိန်ပေးလို့ မရတော့တဲ့ အတွက် တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဖြစ်လာဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ဒီနေ့စက်တင်ဘာလ(၇) ရက်နေ့မှာ D Day တစ်နှစ်ပြည့်အဖြစ်PDF ရဲဘော်တွေကို ကာကွယ်ရေးဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။

“တော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ ရေခံမြေခံ အားလုံးကို ငါတို့ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်တယ်။ ရှေ့လာမယ့်နှစ်ကတော့ တော်လှန်ရေးအတွက် အထူးအရေးကြီးလိမ့်မယ်။ ရန်သူကို အချိန် ပေးလို့ မရတော့ဘူးဆိုတာ သေချာတယ်။ ဒီ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့မဟာမိတ်များအားလုံး လာမယ့်တစ်နှစ် အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်ဆိုတာ လည်း အသိပေးလိုတယ်” လို့ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် အစဥ်အလာကြီးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) တွေဟာ ဒီတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေကြတဲ့အတွက် ရန်သူကို ချေမှုန်းအနိုင်ယူမယ့် ပြည်သူ့တော်လှန်ရေးတပ်ပေါင်း စုကြီး ပေါ်ပေါက်လာခဲ့ပြီဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ရန်သူတွေဘက်က ဘယ်လိုမှချေမှုန်းဖို့ မဖြစ်နိုင်တော့တဲ့ တပ်မတော်သစ်တစ်ခုအဖြစ် ပေါ်ထွက်ခဲ့ကပြီဖြစ်ကာ ဒီတစ်နှစ်အတွင်းမှာ တန်ဖိုးမဖြစ်နိုင်တဲ့ စစ်ရေးအတွေ့အကြုံတွေရရှိနေတယ်လို့လည်း ဆိုထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်တစ်နှစ်အတွင်း စစ်ကောင်စီတပ်သားပေါင်း ၂၀၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ (၇၀၀၀) လောက်ရှိတယ်လို့ NUG ယာယီသမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရကိုစစ်တပ်က လက်နက် အားကိုးပြီး အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း လက်နက်ကိုင်တပ်ဖွဲ့တွေ၊နဲ့ တော်လှန်ရေး အင်အားစုတွေ ပေါ်ပေါက်လာပြီး စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.