ရန်ကုန် ၊ စက်တင်ဘာ ၇

နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ စစ်အုပ်စုကို လှဲနေလှေအောင်း မြင်းဇောင်းမကျန် လက်နက်ကိုင် ခုခံတော်လှန်ခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ စစ်ကောင်စီတပ်သားပေါင်း ၂၀၁၅၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၇၀၀၀ နီးပါး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ခုခံတော်လှန်စစ် ကြေညာတာဟာ တစ်နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ ဒီကနေ့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ နိုင်င်ငံတော်အခြေပြမိန့်ခွန်းမှာ အခုလို ပြောဆိုခဲ့တာပါ။

စစ်အုပ်စုကို ခုခံတော်လှန်တဲ့ တစ်နှစ်အတွင်း ခန့်မှန်းခြေစာရင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တွေ သူရဲကောင်းရဲဘော် ၁၅၀၀ ကျော် ကျဆုံးခဲ့ရတယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ ပြည်သူ့အာဇာနည်အပေါင်းကို အလေးပြုအပ်ပြီး တော်လှန်ရေးတိုက်ပွဲအတွက် အသက်စွန့်ပေးသွားကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေရဲ့ မိသားစုတွေကိုလည်း လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးကြီးမှာ ကျရာကဏ္ဍကနေ အလံမလှဲစတမ်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သည်တော်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်တွေ၊ ပြည်သူ့အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့အစည်းတွေမှာ ထမ်းဆောင်နေကြသူတွေ၊ အခက်အခဲအကျပ်အတည်းမျိုးစုံကို ကြံ့ကြံ့ခံ အံတုရင်ဆိုင်ပြီး ဆက်လက်တိုက်ပွဲဝင် ရုန်းကန်နေကြတဲ့ CDM သူရဲကောင်းတွေ၊ လူထုသပိတ်တိုက်ပွဲတွေမှာ ဦးဆောင်နေကြတဲ့ ရဲဘော်တွေအားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ယာယီသမ္မတက ပြောဆိုခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ ဦးဆောင်ဦးရွက် ပြုကြတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကိုလည်း ကျေးဇူးတင်ကြောင်း ယာယီသမ္မတရဲ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.