ပေါင်၊ စက်တင်ဘာ (၈)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၆ ရက် ည ၈ နာရီလောက်က ကျွဲခြံကျေးရွာ ရွာသစ်ပိုင်း လမ်းထိပ်မှာ လုံခြုံရေးကင်းပုန်းဝပ်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ခေါင်းတောင် ဦးတက်နိုင် ပွဲချင်းပြီး သေဆုံးခဲ့သလို ကျန်အဖွဲ့ဝင် ၂ ဦးကလည်း ပြင်းထန်ဒဏ်ရာရတွေ ရရှိခဲ့တာပါ။

“လမ်းထိပ်မှာ လုံခြုံရေးကင်းပုန်းဝပ်နေတဲ့အချိန်ပဲ ဝင်ပစ်သွားတာ၊ ပြည်သူ့စစ် ဦးသက်နိုင်က ပွဲချင်းပြီးပဲသေတယ်၊ နောက်နှစ်ယောက်က ဒဏ်ရာပြင်းထန်းရသွားတယ်။ တစ်ယောက်က ဝမ်းဗိုက်နဲ့ တစ်ယောက်က လက်ဖျံကို ထိထားတယ်။ ဘယ်အဖွဲ့က ပစ်တာလဲတော့ မသိရဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦးဟာ ကျွဲခြံကျေးရွာ ရွာသစ်ပိုင်းမှာ နေထိုင်ကြတဲ့ ဦးတက်နိုင်၊ ဦးစိုးသန်းနဲ့ ဦးသန်းစိုးတို့ဖြစ်ကြပြီး အသက် ၄၀ နှစ် ၅၀ အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အခင်းဖြစ်ရပ်နေရာအရှေ့နေအိမ်မှ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်ထားပြီး အဲဒီဒေသခံအမျိုးသားနဲ့ပတ်သက်ဆက်နွယ်ခဲ့ဖူးတဲ့ အမျိုးသားတချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ပေါင်မြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို အဝေးပစ်ဗုံး ၄၀ မမနဲ့ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ခဲ့ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.