ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တရုတ်စစ်ရေးလေ့ကျင့်မှုကြောင့် တိုးမြင့်လာတယ်လို့ သမ္မတ ပြော
တိုင်ပေ – စက်တင်ဘာ(၇)
ထိုင်ဝမ်စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ တရုတ်တပ်ဖွဲ့တွေရဲ့စစ်ရေးလေ့ကျင့်မှုတွေ ကြောင့် တိုးမြင့်လာတဲ့အတွက် ပိုမိုကောင်းမွန်စွာ တိုက်ခိုက်နိုင်မှာဖြစ်တယ်လို့ သမ္မတ ဆိုင်အင်ဝမ်က စက်တင်ဘာလ(၆) ရက်နေ့က ပြောပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီရဲ့ တိုင်ပေခရီးစဉ်အပြီးမှာ တရုတ်ကစစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်ခဲ့ကာ သူတို့ရဲ့ ပိုင်နက်အဖြစ် အခိုင်အမာ ပြောဆိုထားတဲ့ ထိုင်ဝမ်ကို အမေရိကန်က ထောက်ခံကြောင်းပြသနေတဲ့အတွက် ဒေါသထွက် နေခဲ့ကြတာပါ။
ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းက လေတပ်အခြေစိုက်စခန်းက လေတပ်ဝန်ထမ်းတွေနဲ့ စကားပြောဆိုချိန်မှာ ထိုင်ဝမ်ရေလက်ကြားတစ်ဝိုက်အခြေအနေမှာ တင်းမားနေဆဲ ဖြစ်ပြီး ခြိမ်းခြောက်မှုတွေ ပျောက်ကွယ်မသွားသေးဘူးလို့ သမ္မတက ဆိုပါတယ်။
“စိန်ခေါ်မှုတွေရင်ဆိုင်ရချိန်မှာတော့ ကျွန်တော်တို့ရဲ့ နိုင်ငံ့တပ်မတော်ဟာ ရန်သူရဲ့ ကျူးကျော် ဝင်ရောက်လာတဲ့ ရည်ရွယ်ချက်တွေကို အေးဆေးစွဦ တုံ့ပြန်ခဲ့ပြီး နိုင်ငံရဲ့ လုံခြုံရေးကို ကျား ကုတ်ကျားခဲ ကာကွယ်ခဲ့ပါတယ်” လို့ သမ္မတရုံးထုတ်ပြန်ချက်မှာ သမ္မတက ပြောခဲ့ပါတယ်။
ဒါ့အပြင် တိုက်ပွဲဝင်ဖို့ အားကောင်းတဲ့ မစ်ရှင်တွေပြီးသွားရင် နိုင်ငံတပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ပိုရင့်ကျက်လာပြီး တိုက်ခိုက်ရေးစွမ်းအားပိုကောင်းလာနိုင်တဲ့အတွက် နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် အလွန်ဂုဏ်ယူတယ်လို့ ပြောပါသေးတယ်။
ထိုင်ဝမ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကောင်းမွန်တဲ့ လက်နက်တွေတပ်ဆင်ထားပေမယ့် တရုတ်ထက်အင်အားနည်းနေတဲ့အတွက် သမ္မတက ကာကွယ်ရေးအသုံးစရိတ်ကို ဦးစားပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လာမယ့် အောက်တိုဘာလ(၁၀) ရက်နေ့မှာ ကျရောက်မယ့် အမျိုးသားနေ့အတွက် ကာကွယ်ရေး ဆောင်ပုဒ်အဖြစ် “ငါတို့အတူလက်တွဲ၍ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ကြ” ဆိုတဲ့ ဆောင်ပုဒ်ကို သတ်မှတ်ထားတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
သမ္မတဆိုင်က အဲ့ဒီနေ့မှာ စစ်ရေးပြအခမ်းအနားကို ကြီးကြပ်ပြီး အရေးပါတဲ့ မိန့်ခွန်းတစ်ခုကို ပြောမှာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဟာ တရုတ်ရဲ့ ဘယ်တော့ မှအုပ်ချုပ်ခံမဖြစ်ခဲ့တဲ့အတွက် ပြည်သူတွေကသာ သူတို့ရဲ့ အနာဂါကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။
Ref: CNA