ကျုံဒိုး ၊ စက်တင်ဘာ (၇ )

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တို့ကြား ပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရတယ်လို့ KNU တပ်မဟာ(၆) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ကျုံဒိုးမြို့နယ် တောင်ကြာအင်းနဲ့ မြောက်ကြာအင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNDO တပ်ရင်း(၆) ဂဠုန်စစ်ကြောင်းတပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က တောင်ကြာအင်းကျေးရွာထဲ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် သံဃာတစ်ပါးအပါအဝင် (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ်နဲ့ ဘုရားစေတီတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကြာအင်းကျေးရွာရှိ ဒေသခံရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ရွာလုံးကျွတ်နီးပါးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူ-ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သလို လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ မြောက်ကြာအင်းကျေးရွာထဲကို တပ်အင်အားတွေ ထပ်မံ ဖြည့်တင်းလာတာ ဖြစ်ပါတယ်။

ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အာရှလမ်းမအနီးက ကော့နွဲကျေးရွာထဲ လူနေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်မှုတွေရှိခဲ့ကာ နေအိမ်လည်းပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.