မော်လမြိုင်၊ စက်တင်ဘာ ၆

စစ်ကောင်စီ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရွှေဈေးနှုန်း ကျဆင်းစေဖို့အတွက် ရွှေဒင်္ဂါးတွေကို ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ထားပေမယ့် ပြည်တွင်း ဈေးကွက်မှာ ရွှေဈေးနှုန်း ထင်သလောက် မကျသေးဘူးလို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်း ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးအပတ်က ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်ခဲ့တဲ့ အတွက် မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်(၃၅)သိန်း ဝန်းကျင်ထိ ပေါက်ဈေး ရှိခဲ့ရာမှ စစ်ကောင်စီက ရွှေဒင်္ဂါးတွေ ရောင်းချ ပေးမယ်လို့ ထုတ်ပြန်ပြီး နောက်နေ့မှာတော့ တစ်ကျပ်သားကို ကျပ်(၂၈)သိန်း ဝန်းကျင်ထိ ကျဆင်းခဲ့ပါတယ်။

လက်ရှိမှာ ရွှေဈေးနှုန်း ပြန်လည် မြင့်တက် နေပြီး စက်တင်ဘာလ (၅) ရက်နေ့မှာတော့ မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်(၃၀)သိန်း ဝန်းကျင်နဲ့ အရောင်းအဝယ် ပြုလုပ် နေတယ်လို့ ရွှေဆိုင် လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရွှေဈေးနှုန်းတွေ ထင်သလောက် မကျသေးတာဟာ ရွှေတူးဖော်ရေးမှာ အဓိက အသုံးပြုတဲ့ စက်သုံးဆီ ဈေးနှုန်း ဆက်လက် မြင့်တက်နေတာ၊ ဒေါ်လာဈေးနှုန်း ကျဆင်းတာ မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ရွှေဈေးနှုန်းတွေ ထင်သလောက် ကျဆင်းတာ မရှိပေမယ့် ဈေးကွက် အတွင်းမှာ ရွှေဝယ်စုဆောင်းသူများပြီး ဝယ်လိုအား မြင့်တက်နေတဲ့အတွက် ရွှေလက်ကျန် နည်းပါးလာတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

စစ်ကောင်စီက ရွှေဒင်္ဂါး တစ်ကျပ်သား ကျပ် ၁၉ သိန်းကျော်နဲ့ ရောင်းချပေးနေတယ်လို့ ကြေညာထားပေမယ့် ဝယ်ယူရာမှာတော့ တစ်ကျပ်သား ကျပ် ၂၉၅၀၀၀၀ နဲ့ ဝယ်ယူနေရတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုကြပေမယ့် အခုကိစ္စရပ်အပေါ် သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ရွှေဈေးနှုန်းဟာ စစ်ကောင်စီ အာဏာမသိမ်းခင် NLD အစိုးရ လက်ထက်တုန်းက မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို (၁၃)သိန်း ဝန်းကျင်သာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် ရွှေဈေးနှုန်း (၃)ဆ နီးပါးထိ မြင့်တက်ခဲ့ သလို ဈေးနှုန်း မတည်ငြိမ်းမှုတွေလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.