စစ်တွေ၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၁၆၀၀၀ ကျော် ထပ်တိုးလာပြီး သူတို့အတွက် လူသားချင်စာနားထောက်ထားမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် ရသေ့တောင်၊မြောက်ဦးနဲ့မောင်တောမြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် ပြန်လည် ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်တွဟာ မြို့ပေါ်ရပ်ကွက်တချို့နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ လာရောက်ခိုလှုံနေကြတာ ဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ရှောင်ဒုက္ခသည်တွေကတော့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက် တိမ်းရှောင်တာတွေ ရှိနေတာပါ။

လတ်တလောမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ရခိုင်ရဟန်းတော်များအဖွဲ့၊ အထွေထွေအတွင်းရေးမှူး အရှင်သဘာဝနဒီက မိန့်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေထဲမှာ အမျိုးသမီးတွေ အပါအဝင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများဆုံး ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ အမျိုးသမီးအရေအတွက် ၇၀၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပမေယ့် စစ်ရှောင်ဒုက္ခသည်တွေကို စစ်ကောင်စီဘက်က ကူညီထောက်ပံ့ပေးတာမရှိတဲ့အပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနေတဲ့ ICRC အဖွဲ့တွေ၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) အဖွဲ့တွေကိုလည်း ခရီးသွားလာခွင့်နဲ့ထောက်ပံ့ခွင့်တွေကိုလည်း စစ်ကောင်စီဘက်က ကန့်သတ်ထားတာ ဖြစ်ပါတယ်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ရခိုင်ပြည်နယ်အခြေအနေဟာ နှစ်ဖက် အပြန်အလှန် ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် တိုက်ပွဲတွေ ပိုမို ကျယ်ပြန့်လာနိုင်တယ်လို့ သုံးသပ်တာပါ။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကတော့ စစ်ကောင်စီက လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကို သွားလာခွင့် ကန့်သတ်ပိတ်ပင်တာ၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် ရေရှည်မှာ စားနပ်ရိက္ခာရရှိဖို့ ကျန်းမာရေး၊နေထိုင်ရေးနဲ့ အထွေထွေအခက်အခဲများစွာ ရှိလာနိုင်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ အုပ်ချုပ်ရေးယန္တရားတွေမှာ အနှောင့်အယှက်ပေးတာတွေ တာဝန်ထမ်းဆောင်နေသူတွေကို ဖမ်းဆီးဖို့ ကြိုးစားတာ၊ ခြိမ်းခြောက်တာတွေအပြင် လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေကို ဖန်းတီးတာတွေ ရှိတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီရဲ့ မိုင်တိုင်အမှတ် (၄၀) စခန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကနေ ၂၀၂၀ အောက်တိုဘာလအထိ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်းခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ တကျော့ပြန်တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.