ပေါင်၊ စက်တင်ဘာ ၆

မွန်ပြည်နယ်၊ ပေါင်မြို့ရှိ စစ်ကောင်စီ မြို့မရဲစခန်းကို (၄၀)မမ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက လူငယ် ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ပေါင်မြို့ ဆုတောင်ပြည့်ဘုရားကုန်းတောင်းပေါ်ကနေ အမည်မသိအဖွဲ့ တစ်ခုက မြို့မရဲစခန်းကို (၄၀) မမတာဝေးပစ်ဗုံးအမျိုးအစားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီဗုံးဟာ မြို့မရဲစခန်းနဲ့ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကြား ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အဆောက်အအုံတချို့ထိခိုက်ပျက်စီးခဲ့တာပါ။

ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အမျိုးသား(၃) ဦးနဲ့ အမျိုးသမီး(၂) ဦးကို ပစ်ခတ်တိုက်ခိုက်သူတွေလို့စွပ်စွဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“ ပေါက်ကွဲမှုဖြစ်တဲ့နေ့က ဖမ်းမိတာမဟုတ်ဘူး၊ နောက်နေ့ ၄ ရက်နေ့မှာ ဖမ်းမိတာ၊ သူတို့တောင်ပေါ်ဘက်ခြမ်းကနေ အဆင်း ၂ ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ သွားလာနေရင်းနဲ့ သံသယရှိလို့ ဖမ်းမိတာပါ။ အခုတော့ သူတို့ကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်” လို့ မြို့မရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေစွပ်စွဲဖမ်းဆီးထားတဲ့ လူငယ်တွေဟာ ထင်းခုတ်သမားတွေဖြစ်ပြီး ပေါင်မြို့နယ် ဒေသခံ(၂)ဦးနဲ့ နောက်ထပ်(၃) ဦးကတော့ ဒေသခံမဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတာမသိရသေးသလို သူတို့ရဲ့ အမည်၊အသက်အရွယ်နဲ့ ဗုံးဖောက်ခွဲသူတွေ ဟုတ်မဟုတ် ကိုလည်း သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်ခံရမှုဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး မြို့နယ်လျှပ်စစ်ရုံးကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက (၅) ကြိမ်ထက်မနည်း တိုက်ခိုက်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.