ထားဝယ်၊ စက်တင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူးစောထီအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီလောက်မှာ လယ်သစ်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ ပျူးစောထီပူးပေါင်းတပ်ဖွဲ့နဲ့ တနင်္သာရီပြောက်ကျားတပ်ဖွဲ့အပါအဝင် မြိတ်ခရိုင် တပ်ရင်း(၂)ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန် ၄ နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ပျူးစောထီးအဖွဲ့ဝင် ၂ ဦး ၊ စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။

လက်ရှိမှာတော့ လယ်သစ်ကျေးရွာတိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံပြည်သူအများစုကတော့ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကိုမှာ ပုန်းခိုးနေထိုင်နေကြတာပါ။

နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ လယ်သစ်ကျေးရွာမှာ ဝင်ရောက် တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တနင်္သာမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ နှစ်ဖက် တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.