နယူးယောက် – စက်တင်ဘာ(၃)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်သူတွေရဲ့ ဘဝဆိုးရွားစွာထိခိုက်နေပြီး အမျိုး သမီးနဲ့ မိန်းကလေးငယ်တွေကို စစ်ကောင်စီတပ်သားတွေက ပုံစံမျိုးစုံနဲ့ ညှင်းပန်းမှုတွေ ရှိနေတဲ့ အတွက် နေရပ်စွန်ခွာထွက်ပြေးနေရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ရဲ့ နိုင်ငံအလိုက် ဆောင်ရွက်နေတဲ့အစီအစဉ်အစည်းအဝေးမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။

“လက်ရှိအခြေအနေတွင် ကိုဗစ်-19 ကပ်ရောဂါအပြင်မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်း မှုတို့ကြောင့် ပြည်သူများသည် အခက်အခဲပေါင်းများစွာနှင့်ရင်ဆိုင်နေကြရကြောင်း ခက်ခဲသော အခြေအနေတွင် အမျိုးသမီးများနှင့် ကလေးများအနေဖြင့် အလွန်အမင်းထိခိုက်လွယ်သည့် အခြေအနေရှိပါကြောင်း” လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် တရားမဝင်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး အချိန်မီဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ သူက ပြောပါသေးတယ်။

စီးပွားရေးကဏ္ဍမှာလည်း အထူးစိုးရိမ်ရတယ်လို့ ပြောဆိုထားပြီး စစ်တပ်အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာရဲ့ မြန်မာငွေလဲနှုန်းဟာ (၁၄၀၀) ကျပ်သာရှိခဲ့ပေမယ့် အခုချိန်မှာတော့ မြန်မာငွေလဲနှုန်းဟာ (၄၁၀၀) အထိ သိသိသာသာ မြင့်တက်နေတယ်လို့ ဆိုထားပါတယ်။

ဒီလိုငွေကြေးဖောင်းပွမှုကြောင့် မြန်မာ့စီးပွားရေးအတွက် အလွန်ထိတ်လန့်ဖွယ်ကောင်းရုံသာမက မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေဖြစ်ပေါ်နေတဲ့အတွက် ပိုမိုဆိုးရွားတဲ့အခြေအနေကို ဦးတည် နေတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအနေနဲ့မြန်မာပြည်သူတွေအတွက် ကြိုးပမ်းပေးနေတဲ့အပေါ်ကျေးဇူးတင်ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အပြည့်အဝ ပံ့ပိုးဆောင်ရွက်သွားဖို့ အသင့်ရှိနေတယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၂၂၆၃) ဦး၊ဖမ်းဆီးထိန်းသိမ်းခံထားရသူ(၁၅၃၂၅) ဦးနဲ့ အဲ့ဒီထဲက ပြန်လည် လွတ် မြောက်လာ သူ(၃၀၇၉) ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.