ဘန်ကောက် – စက်တင်ဘာ (၄)

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာရှိတဲ့ တက္ကစီအော်ပရေတာများကို ရှစ်နှစ်ကြော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တက္ကစီမီတာ နှုန်း ထားများကို တိုးမြှင့်ခွင့်ပြုလိုက်တယ်လို့ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ဆိုရာပွန် ပါတိုဖုန်က ပြောကြားခဲ့ပါတယ်။

မကြာသေးမီနှစ်များအတွင်းက  ဘန်ကောက်မှာရှိတဲ့ တက္ကစီယာဉ်မောင်းတွေရဲ့ ၂၅ ရာခိုင်နှုန်းခန့်ဟာ စီးပွားရေးကျပ်တည်း မှုများရင်ဆိုင်ခဲ့ရပြီး ၂၀၁၄ခုနှစ်မှ စတင်ကာ သူတို့ရဲ့ ဝင်ငွေ ၇%အထိကျဆင်းခဲ့ရတာပါ။ ပြီးခဲ့တဲ့ ၁၄နှစ်အတွင်း လက်လီ ငွေကြေး ဖောင်းပွမှု မြင့်တက်လာခဲ့ပြီး လောင်စာဆီနဲ့ နေထိုင်မှုစားရိတ်စကတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ဒီလိုခွင့်ပြု လိုက်တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဒုတိယဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနအနေနဲ့ ဒီလိုမီတာ တက္ကစီယာဉ်စီးခ တိုးမြှင့်လိုက်ခြင်းဟာ ခရီးသွားပြည်သူတွေကို ဆိုးဝါးစွာ ထိခိုက်စေမှာ မဟုတ်တာ သေချာစေဖို့အတွက် လူပေါင်းများစွာရဲ့ တုန့်ပြန်ချက်တွေကို စစ်တမ်းကောက်ယူ စုဆောင်းနေ တယ်လို့ မစ္စတာ ဆိုရာပွန်က ပြောကြားခဲ့ပါတယ်။ 

အခုလို ဈေးနှုန်းတိုးမြှင့်ခြင်းကို အဆုံးသတ်မယ့် အချိန်ကာလအပိုင်းအခြားကို ထုတ်ပြန်ပေးထားတာ မရှိပေမယ့် တစ်ဖက်မှာ လည်း ခရီးသည်တွေအနေနဲ့ မဖြစ်မနေသွားရမယ့် အကွာအဝေးတိုတောင်းတဲ့ ခရီးစဉ်တွေကိုသာ ရွေးချယ်စီး နင်းလေ့ရှိတာကြောင့် တက္ကစီယာဉ်မောင်း တွေအတွက် ဝင်ငွေနည်းပါးနေဆဲ ဖြစ်ကြောင်းကိုတော့ ဝန်ကြီးကဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဘန်ကောက်မှာ ပြေးဆွဲနေတဲ့ မီတာ တက္ကစီ အရေအတွက်မှာ တစ်ရက်လျှင် ရှစ်သောင်းခန့်ရှိရာမှ ယခုအခါ ခြောက်သောင်းခန့်အထိ လျော့ကျသွားပြီး ကိုဗစ်(၁၉) ကပ်ရောဂါကာလအတွင်း ခရီးသည်မရှိခြင်းကြောင့် အပြင်းအ ထန်ထိခိုက်ခံခဲ့ရတဲ့ တက္ကစီအစီးရေမှာ (၈၃၀၀၀) နီးပါးရှိနေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအစိုးရဟာ ၂၀၂၀ခုနှစ် ဇန်နဝါရီလကတည်းက ရပ်ဆိုင်းထားတဲ့ လစာတိုးမြှင့်မှုကို ပြန်လည် တိုးမြှင့်ပေးခဲ့သလို ၁၄ နှစ် အတွင်း လက်လီစားကုန်ခေါက်ဆွဲခြောက် ဈေးနှုန်းတွေကိုတိုးမြှင့်နိုင်ဖို့ ပြည်တွင်းထုတ်လုပ်သူတွေရဲ့ တောင်းဆိုချက်ကိုလည်း ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

Ref: The Straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.